မင်္ဂလာဒုံ၊ ဝါယာလက် တောတိုက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအေးမြင့် နှင့်အဖွဲ့က နေအိမ်ပေါ်တက်၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၊ ကျောက်ဆည်တွင် အလုပ်သွားသည့် လူငယ် ၈ ဦးကို ထွေ/အုပ်နှင့်စစ်တပ်က ဂိတ်ချဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းကျောင်းပို့မည်

မင်္ဂလာဒုံ၊ ဝါယာလက် တောတိုက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအေးမြင့် နှင့်အဖွဲ့က နေအိမ်ပေါ်တက်၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၊ ကျောက်ဆည်တွင် အလုပ်သွားသည့် လူငယ် ၈ ဦးကို ထွေ/အုပ်နှင့်စစ်တပ်က ဂိတ်ချဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းကျောင်းပို့မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ဝါယာလက် တောတိုက်ရပ်ကွက်တွင် ဧည့်စာရင်းစစ်မည်ဆိုကာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးမြင့် နှင့် ရာအိမ်မှူးများက လူငယ်များကို နေအိမ်အပေါ်ထိတက်၍ ဖမ်းဆီး ပေါ်တာဆွဲမှုများ လုပ်ဆောင်နေကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ ဆွေမျိုးသားချင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန် ဝါယာလက် တောတိုက်ရပ်ကွက်အတွင်း ဧည့်စာရင်း စစ်မည်ဟုဆိုပြီး ရပ်ကွက်အုပ်ချုက်ရေးမှူး အေးမြင့်နှင့်အဖွဲ့က လူငယ်များကို နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲ ဖမ်းဆီးကြောင်း၊ ယင်းနောက် စစ်ဆေးမည်ဟုဆိုကာ ရပ်ကွက်ရုံးသို့ ခေါ်သွားပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် စစ်မှုထမ်းစုဆောင်းရေးတပ်များသို့ ပို့ဆောင်ကြောင်း သိရှိရသည်။
“အုပ်ကြီးက သူနဲ့ မတည့်တဲ့အိမ်၊ သူနဲ့ အဆင်မပြေတဲ့အိမ်တွေကို ဧည့်စာရင်းဆိုပြီး လူငယ်တွေကို တက်ဖမ်းတာ။ ပြီးတော့ စစ်မေးစရာရှိလို့ ဆိုပြီး နောက်နေ့ စစ်မှုထမ်းသင်တန်းကျောင်းပို့တာပဲ။ ဖမ်းခံရတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေက အနောက်ကနေ လိုက်ထုတ်ဖို့လုပ်တော့လည်း အဆက်အသွယ် မခံဘဲ စစ်ထဲပို့တယ်”ဟု ရပ်ကွက်‌နေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယင်းအပြင် မဂ်လာဒုံမြို့နယ် ဝါယာလက် တောတိုက်ဓမ္မရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမြင့်နှင့်အဖွဲ့က စစ်မှုထမ်းတပ်သားများ လုံလောက်စွာ ရရှိသွားချိန်တွင် လူငယ်များကို ဖမ်းဆီး၍ ၁ ဦးလျှင် ငွေကျပ် သိန်း ၇၀ဖြင့် ရွေးယူခိုင်းကြောင်း၊ လာမရွေးနိုင်သော လူငယ်များကို အခြားသော ရပ်ကွက်များထံသို့ စစ်မှုထမ်း လူစားထိုးအဖြစ် ၁ ဦးလျှင် ငွေကျပ် သိန်း ၈၀ ဖြင့် ရောင်းချကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာတိုက်နယ်တွင်လည်း အလုပ်သွားသည့် လူငယ် ၈ ဦးကို မြို့နယ်ထွေ/အုပ်နှင့်စစ်တပ်က ဂိတ်ချ ဖမ်းဆီးသွားပြီး စစ်မှုထမ်း သင်တန်းကျောင်းပို့ရန် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ကျောက်ဆည်မြို့နယ်၊ သံရွာတိုက်နယ်မှ လူငယ်များဖြစ်ကြသည့် မောင်သန့်ဇင်အောင်၊ မောင်သက်ထွန်းအောင်၊ မောင်ထွန်းထွန်း၊ မောင်ဝေယံမိုးတို့ ပါဝင်သော လူငယ် ၄ ဦးနှင့် အနောက်ငယ်တိုးရွာမှ မောင်စိုင်းမင်းခန့်၊ မောင်ဇင်မျိုးသန့် ၊ မောင်မျိုးကျော်(ခ) အာရှတို့ ပါဝင်သော လူငယ် ၃ ဦးနှင့် အင်ရောင်းကျေးရွာမှ မောင်သက်ဦးညီညီ အပါအဝင် စုစုပေါင်း လူငယ် ၈ ဦးကို အလုပ်သွားစဉ် နံနက်ပိုင်း ကျောက်ဆည်မြို့နယ်ထွေအုပ်နှင့်စစ်တပ်က လမ်းဂိတ်ချ၍ ဖမ်းဆီးသွားကြောင်း၊ အဆိုပါ လူငယ် ၈ ဦးလုံးကို စစ်မှုထမ်းအဖြစ် အပတ်စဉ် ၁၉ သို့ ပို့ဆောင်ရန် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။
” မိဘတွေအားလုံး စိုးရိမ်ပူပန်နေပါတယ်။ လူငယ်တွေအားလုံးကို ကျောက်ဆည်ထွေအုပ်ရုံးအတွင်း ဖမ်းဆီးချုပ်နှောင်ထားပါတယ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ဒီနေ့မှာ စစ်မှုထမ်း သင်တန်းကျောင်းကို ပို့ဆောင်မယ်လို့ သိရပါတယ်။ ကူညီကယ်ဆယ်ပေးကြပါဦး” ဟု လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက ပြောဆိုသည်။
စစ်တပ်က ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း သင်တန်းများကို လစဉ် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၉ သို့ ရောက်ရှိနေပြီဖြစ်သည်။