မောတောင်မြို့သိမ်းတိုက်ပွဲတွင် မြို့မရဲစခန်းနှင့် လ၀ကဂိတ်များ၊ လုံခြုံရေး ဂိတ်စခန်းများကို တော်လှန် ရေးတပ်များက သိမ်းယူလိုက်ပြီး နေရာအများစုကို ထိန်းချုပ်

မောတောင်မြို့သိမ်းတိုက်ပွဲတွင် မြို့မရဲစခန်းနှင့် လ၀ကဂိတ်များ၊ လုံခြုံရေး ဂိတ်စခန်းများကို တော်လှန် ရေးတပ်များက သိမ်းယူလိုက်ပြီး နေရာအများစုကို ထိန်းချုပ်
🟥စစ်တပ်ဘက်မှ စစ်သားအများအပြား ထိုင်းဘက်သို့ ထွက်ပြေးပြီး ထိုင်းစစ်တပ်ထံသို့ လက်နက် ၂၀ ကျော်အပ်နှံခိုလှုံ
ရန်ကုန်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ပေါ်တွင် စစ်တပ်နှင့် တော် လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် မောတောင်မြို့မရဲစခန်းနှင့် လ၀က၊ လုံခြုံရေး ဂိတ်များကို တော်လှန်ရေးတပ်များက သိမ်းယူလိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်၍ စစ်တပ်က မောတောင်မြို့နှင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမှု ပြန်လည် ရရှိရေး စစ် ကြောင်းထိုးလာကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးမှုအတွင်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် မြို့ပေါ်အထိပါ တိုက်ပွဲများ ကူးစက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် နိုဝင် ဘာလ ၁၂ ရက်နေ့တို့တွင် တော်လှန်ရေးတပ်များက မောတောင်မြို့ပေါ်ရှိ မြို့မ ရဲစခန်း၊ လုံခြုံရေးဂိတ်များ၊ လ၀ကဂိတ်များကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။
“သူတို့ စစ်ကြောင်းထိုးနေရာကနေ တိုက်ပွဲက မြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားတာ။ အခု မြို့ပတ်ဝန်းကျင်တစ်ခုလုံးကို တော်လှန်ရေးတပ်တွေ ထိန်းထားတယ်။ မြို့ပေါ်မှာလည်း ပြည်သူတွေ မရှိတော့ဘူး။ စစ်ခွေးတွေလည်း ပိတ်မိနေတာတွေရှိတယ်။ နယ်မြေစိုးမိုးမှုက တော်လှန်ရေးတပ်တွေဘက်က စိုးမိုးထားတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
မောတောင်မြို့ပေါ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် မြို့ပေါ်မှ စစ်သားတချို့က နယ်စပ်ဘက်သို့ ဆုတ်ခွာလာပြီး ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်သား ၃၀ နီးပါးမှာ ထိုင်းဘက်သို့ ခိုလှုံလာကြောင်း၊ ထိုင်းစစ်တပ်က မြန်မာစစ်သားများထံမှ လက်နက် ၂၀ ကျော်ကို သိမ်းယူလိုက်ကြောင်း၊ ယင်းဖြစ်စဉ်ကို စစ်ဘေးရှောင်များက တွေ့ရှိ ဓာတ်ပုံများ ရိုက်ကူးရာ ထိုင်းစစ်တပ်က ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများကို ပြန်လည် ဖျက်ခိုင်းခဲ့ကြောင်း သိရှိရသည်။
“စစ်ဘေးရှောင်တွေကိုလည်း ထိုင်းဘက်က အခု ယာယီ ထိုင်းနိုင်ငံထဲ ဝင်ခွင့်ပေးတယ်။ စစ်ခွေးတွေလည်း မြို့ပေါ်ကနေ ဆုတ်လာတာ စုစုပေါင်း ၃၀ ကျော်တယ်။ လက်နက် ၂၀ ကျော်ကို ထိုင်းစစ်တပ်ကို အပ်တယ်။ အဲဒါ မနက်အစော ကြီးဆိုတော့ စစ်ဘေးရှောင်တွေကလည်း သွားပြီး မှတ်တမ်းယူကြတာ။ ထိုင်းစစ်တပ်က အကုန်ဖျက်ခိုင်းပါတယ်။ ပြေးလာသူတွေ အပြောအရတော့ မြို့ပေါ်မှာ စစ်ခွေးတွေ အကုန်ဆုတ်ခွာကုန်ပြီ” ဟု ထိုင်း-မြန်မာနယ်စပ်တွင် ခိုလှုံရောက်ရှိနေသော စစ်ဘေးရှောင်တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်သို့ မောတောင်မြို့မှ ပြည်သူ ၃၀၀၀ နီးပါး စစ်ဘေးရှောင်ရောက်ရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေကြောင်း၊ စစ်ဘေးရှောင်ပြည်သူများတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အများအပြား ပါဝင်ကြောင်း သိရှိရသည်။
လတ်တလော စစ်တပ်က မောတောင်မြို့ မကျစေရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်နေပြီး မောတောင်မြို့ကို လေယာဉ်ဖြင့် ဗုံးကျဲချနေကြောင်း၊ ထို့ကြောင့် မောတောင်မြို့ပေါ်မှ စျေးအပါအဝင် ပြည်သူ လူထု၏ နေအိမ်များ မီးလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း KNU တပ်မဟာ ၆ နယ်မြေ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ထွက်ပြေးခဲ့ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)