ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် စစ်တပ်၏ ရွေး ကောက်ပွဲကို အတုအယောင်အဖြစ် ကြေညာခဲ့သော ပြင်သစ်သမ္မတကို NUG က ကျေးဇူးတင်

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် စစ်တပ်၏ ရွေး ကောက်ပွဲကို အတုအယောင်အဖြစ် ကြေညာခဲ့သော ပြင်သစ်သမ္မတကို NUG က ကျေးဇူးတင်
ရန်ကုန်၊ နိုဝင်ဘာ ၁၃

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် စစ်တပ်၏ ရွေးကောက်ပွဲကို အတုအယောင် အဖြစ် ကြေညာခဲ့သော ပြင်သစ်သမ္မတမာခရိုကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူးသစ် Ms. Marie Hours၊ မြန်မာနှင့် ထိုင်းတာဝန်ခံသစ် Ms. Marion Jelley၊ မြန်မာအတွက်ပြင်သစ်အထူးကိုယ်စားလှယ် Mr. Christian Lechervy တို့နှင့် တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နှင့်တကွ မတရားသဖြင့်ဖမ်းဆီးခြင်းခံနေရသူများအားလုံးလွတ်ပေးရေးအတွက်တောင်းဆိုပေးခဲ့သည့် ပြင်သစ်သမ္မတမာခရိုကိုကျေးဇူးတင်ရှိကြောင်း၊ စစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားဝင်ရပ်တည်ချက်ကိုထုတ်ဖော်ခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်း NUG က ထုတ်ဖော်ပြောဆိုသည်။
ထို့အပြင် လူသားချင်းစာနာသည့်အကူအညီပေးအပ်နေမှုများ၊ လက်ရှိမြေပြင်အခြေအနေတိုးတက်မှုများ၊ တော်လှန်ရေးအင်အားစုများ၏ရှေ့လုပ်ငန်စဥ်များနှင့် အခက်အခဲကြုံနေရသောမြန်မာနိုင်ငံသားများကိုဆက်လက်အကူအညီပေးရန်စသည်တို့ကိုအဓိကထားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြန်မာစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနှင့် အားလုံးပါဝင်မှု စံချိန်စံနှုန်းများနှင့်မကိုက်ညီဟု ပြင်သစ်အစိုးရက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး စစ်အစိုးရက ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေဒေသများတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနှင့် အသိအမှတ်ပြုခံရမှုဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီကြောင်း ပြင်သစ်အစိုးရက ထောက်ပြ ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ပြင်သစ်သမ္မတ Emmanuel Macron က ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာပေးပို့ခဲ့ပြီး ပြင်သစ်နိုင်ငံအနေဖြင့် သူမကို မမေ့ပါကြောင်း ပြင်သစ်သမ္မတ၏ စာတွင် ထုတ်ဖော်ပြောဆိုထားသည်။ပြင်သစ်သမ္မတ Emmanuel Macron က ဒေါ်အောင်ဆန်းစုကြည်သို့ လိပ်မူ၍ ရေးသားခဲ့သော စာကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်ထံသို့ ပေးပို့ခဲ့သည်။
ပြင်သစ်သမ္မတ၏ စာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။