စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော မာလဲရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ် ဖြင့် ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၃











မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော မာလဲရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မတ္တရာမြို့နယ်ဘက်မှ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော စဉ့်ကူးမြို့နယ်၊ မာလဲရွာစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စာသင်ကျောင်းဝင်းအပါအဝင် အနီးအနားရှိ အဆောက်အဦး ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မာလဲရွာ စာသင်ကျောင်းကို တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ ပြည်သူ ၅ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိတယ်။ စာသင်ကျောင်း အပါအဝင် အနီးအနားက အဆောက်အဦး ၃ သုံး လည်း ပျက်စီးသွားတယ်။ အဲနေရာက မတ္တရဘက်ကနေ လာရောက်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ နေရာပါ” ဟုစဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ် အတွင်း စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် မြို့နယ်အတွင်း ထုတ်ပြန်ထားသော လေကြောင်း သတင်းများကို ပြည်သူများ အာရုံ စိုက်ကာ နားထောင်ပြီး နေထိုင်ကြရန် မေတ္တာရပ်ခံကြောင်း ကိုသံမဏိက ဆက်လက် ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ စာသင်ကျောင်းနှင့် ညောင်ကုန်းကျေးရွာကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့သောကြောင့် မတ္တရာမြို့နယ် ဘက်မှလာရောက်နေထိုင်သည့် စစ်ဘေးရှောင်ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူများ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။