ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အစိုးရသစ်ဖွဲ့စည်းလျှင် လက်ရှိ စစ်တပ်က ချမှတ်ထားသော နိုင်ငံရေး၊ ပေါ်လစီကိုသာ ဆက်လက်ကျင့်သုံးသွားမည်ဟု ခင်ရီပြော

ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အစိုးရသစ်ဖွဲ့စည်းလျှင် လက်ရှိ စစ်တပ်က ချမှတ်ထားသော နိုင်ငံရေး၊ ပေါ်လစီကိုသာ ဆက်လက်ကျင့်သုံးသွားမည်ဟု ခင်ရီပြော
ရန်ကုန်၊ နိုဝင်ဘာ ၁၃
ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အစိုးရသစ်ဖွဲ့စည်းလျှင် လက်ရှိ စစ်တပ်က ချမှတ်ထားသော နိုင်ငံရေး လမ်းစဉ် ပေါ်လစီအတိုင်းသာ ဆက်သွားမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပြောဆိုလာကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နေပြည်တော်ရှိ ကြံ့ဖွတ်ပါတီဌာနချုပ်တွင် ပြုလုပ်သော အောင်နိုင်ရေး အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ကို ခင်ရီက လက်ရှိ ကြံ့ခိုင်ရေးပါတီကသွားမည့် မူဝါဒ၊ ရွေးကောက်ပွဲကြေညာစာတမ်းများနှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်း အသိရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် စည်းကမ်းပြည့်၀သော ဒီမိုကရေစီ ဖြစ်ရမည်ဖြစ်ပြီး စစ်တပ်က စည်းကမ်းပြည့်၀သော ဒီမိုကရေစီစနစ်ကို စောင့်ကြပ်သူအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီတွင် စစ်တပ်အပါအဝင် ခိုင်မာသော အဖွဲ့အစည်းများ၏ ထောက်ခံမှု ရရှိထားကြောင်း၊ တိုင်းပြည်အုပ်ချုပ်ရေးအတွေ့အ့ကြုံကောင်းများရှိပြီး နိုင်ငံတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည့် အုပ်ချုပ်မှုစွမ်းရည်ကောင်းများ ရှိနေကြောင်း၊ လက်ရှိ ကြံ့ဖွတ်ပါတီအနေဖြင့် စစ်တပ်က ချမှတ်ထားသော မူဝါဒနှင့် လမ်းစဉ်များအတိုင်းသာ ဆက်လက် ချီတက်သွားမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သွားမည်ဟု ခင်ရီက ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“တပ်မတော်က မြန်မာနိုင်ငံရဲ့ Guardian of Democracy အဖြစ် ဆက်ရှိနေမယ်။ လက်ရှိ တပ်မတော်က ချမှတ်ထားတဲ့ လမ်းစဉ်တွေအားလုံးအတိုင်း ဆက်သွားမယ်။ မဲဆွယ်တဲ့နေရာမှာ ချမှတ်ထားတဲ့ မူဝါဒနဲ့ လမ်းစဉ်တွေအတိုင်းပဲ မဲဆွယ်ဖို့ မှာတယ်။ အစိုးရဖြစ်လာရင်လည်း လက်ရှိ လမ်းစဉ်တွေအတိုင်းပဲ ချမှတ် ဆောင်ရွက်မယ်။ ပါတီမှာ အတွေ့အကြုံကောင်းတွေ ရှိတယ်။ ခိုင်မာတဲ့အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုရှိနေတယ်။ ပြည်ခိုင်ဖြိုးကပဲ အနိုင်ရရမယ်လို့ မှာတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
နိုင်ငံရေးလမ်းစဉ်များနှင့်ပတ်သက်၍ NLD ပါတီကို ကြံ့ဖွတ်ပါတီက ရန်သူအဖြစ်သာ သဘောထားပြီး ပါတီတွင်း သဘော ထားတင်းမာသူ အုပ်စုများက NLD ပါတီကို အမြစ်ဖြတ်ရေးနှင့် တကျော့ပြန်မလာနိုင်ရေးကိုသာ ဆက်လက် ကိုင်စွဲထားကြောင်း သိရှိရသည်။
“NLD ပါတီကိုတော့ နောက်တစ်ကြိမ် ပြန်ပြီး ရှင်သန်ခွင့်မပြုတော့ဘူးဆိုတဲ့ သဘောထားက လက်ရှိ တပ်မတော်ရော ပါတီမှာရော ရှိပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ခင်ရီက လွှတ်တော်ကိုယ်စားလှယ်လောင်များအနေဖြင့် မိမိ၏ လုံခြုံရေးကို အထူးသတိထားကြပြီး ပါတီရုံးများ၏ လုံခြုံရေးကိုလည်း အလေးထားကြရန် သတိပေးခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၀​ ကျော်မှ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကြံ့ဖွတ်ပါတီက အများဆုံးဖြစ်ကြောင်း သိရှိရသည်။
ကြံ့ဖွတ်ပါတီက ပြည်သူ့လွတ်တော်တွင် အမတ်လောင်း ၂၆၅ ဦး၊ အမျိုးသားလွှတ်တော်တွင် အမတ်လောင်း ၁၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော်တွင် အမတ်လောင်း ၅၆၉ ဦး ၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော်တွင် ၂၈ ဦး စုစုပေါင်း အမတ်လောင်း ၁၀၁၈ ဦးပါဝင်မည်ဖြစ်သည်။
​စစ်တပ်၏ အတုအယောင်​ ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ခုနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ကြောင်း သိရှိရသည်။
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ(တစည) က ကိုယ်စားလှယ်လောင်း ၆၉၄ ဦး၊ သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) က ကိုယ်စားလှယ်လောင်း ၆၇၂ ဦး၊ ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ကိုယ်စားလှယ်လောင်း ၅၈၄ ဦး၊ ကိုကိုကြီး၏ ပြည်သူ့ ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ဦး၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီက ကိုယ်စားလှယ်လောင်း ၄၂၈ ဦး ၊တိုင်း/ပြည် နယ်များတွင် ယှဉ်ပြိုင်မည့် ဒေသဆိုင်ရာ နိုင်ငံရေးပါတီ ၅၁ ပါတီက ကိုယ်စားလှယ်လောင်း ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂ လ ကိုယ်စားလှယ်လောင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။