AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဟု ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ၊ အမတ်လောင်း ဘူးလက်လှဆွေ ကြွေးကြော်

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဟု ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ၊ အမတ်လောင်း ဘူးလက်လှဆွေ ကြွေးကြော်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
အာရက္ခတပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ အမတ်လောင်း ဘူးလက်လှဆွေက ကြွေးကြော်ပြော ဆိုလိုက်သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးရမည့်အချိန်မဟုတ်တော့ဘဲ အပြတ်ချရမည်ဖြစ်ကြောင်း၊ သူပုန်မှန်သမျှ အမြစ်ဖြုတ်ရတော့မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးစကားပြောဆိုခဲ့သည်မှာ များနေပြီဖြစ်ကြောင်း လှဆွေက ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။
“ကျနော်က ဦးလှဆွေ။ ဘူးလက်လှဆွေလို့လည်းခေါ်တယ်။ ကျနော်က KIA မင်းတို့ ရွှေလက်နဲ့ခေါ်တုန်း လာရင်လာ။ မလာလို့ရှိရင် Bullet လွှတ်လိုက်ရမလားလို့ လွှတ်တော်မှာ မေးခွန်းမေးခဲ့တဲ့ကောင်။ ကျနော်က လိုင်ဇာကို ဗုံးကျဲဖို့လည်း ကျနော်တိုက်တွန်းခဲ့တယ်။ ဒီလိုပဲ ဘယ်သူပုန်မှ မဆွေးနွေးဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျနော့်မထည့်နဲ့။ ကျနော် ဘယ်တော့မှ မဆွေးနွေးဘူး။ စကားပြောတာများနေပြီ။ များနေပြီ။ အပြတ်ချမယ်။ ကျနော် အမာလိုင်း။ အမာလိုင်းထဲမှာပါတယ်။ ကျနော်က အပျော့လိုင်းမဟုတ်ဘူး။ အီရော အီရောနဲ့ ငါးဖယ်တိုးတိုးမယ့်အထဲမှာ ကျနော်မပါဘူး။ အပြတ်ချမယ့် အဖွဲ့ထဲမှာပါတယ်။ လာမယ့် AA သူပုန်။ ထွန်းမြတ်နိုင် ဘယ်နားရှိမလဲ။ ရှိတဲ့နေရာ ဗုံးကျဲမယ်။ အပြတ်ချမယ်။ အမြစ်ဖြုတ်မယ်။ ဒါပဲ ။ လာမဆွေးနဲ့ ။ ဆွေးနွေးမယ့်အထဲမှာ ကျနော်မပါဘူး” ဟု ဘူးလက်လှဆွေက ပြောဆိုသည။
ဘူးလက်လှဆွေသည် ကြံ့ဖွတ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေ ဥက္ကဋ္ဌ ဖြစ်ကာ ပုဗ္ဗသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းထားသူလည်းဖြစ်သည်။
ယင်းအပြင် နေပြည်တော်စစ်ရုံးကလည်း ရခိုင်ပြည်နှင့်ပလက်၀မြို့နယ်အတွင်း တည်ရှိနေနိုင်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏တည်နေရာနှင့် AA ရုံးဌာနချုပ်ကို စုံစမ်းဖော်ထုတ်ရန် အောက်တိုဘာလနှောင်းပိုင်းအတွင်း ပြုလုပ်ခဲ့သော ရခိုင်ဒေသ စစ်ရေးဆိုင်ရာ အစည်းအဝေးတွင် ညွှန်ကြားခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။