ရန်ကုန်ဟာ စစ်ကိုင်း၊မကွေးတိုင်းလို စိုးမိုးဒေသမရသေးပေမယ့် နည်းပေါင်းစုံနဲ့ စစ်အုပ်စုကို တွန်းလှန်နေဆဲလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ရန်ကုန်ဟာ စစ်ကိုင်း၊မကွေးတိုင်းလို စိုးမိုးဒေသမရသေးပေမယ့် နည်းပေါင်းစုံနဲ့ စစ်အုပ်စုကို တွန်းလှန်နေဆဲလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
နိုဝင်ဘာ-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring
ရန်ကုန်မြို့ဟာ ပထဝီအနေအထားအရ မြန်မာနိုင်ငံအတွက် အရေးပါပြီးအချက်အချာကျတဲ့နယ်မြေဒေသတစ်ခုဖြစ်ကာ နွေဦးတော်လှန်ရေးကာလ စစ်တပ်အာဏာသိမ်းစကတည်းက မဆိုင်းမတွဘဲ စစ်အုပ်စုကို ခုခံတွန်းလှန်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။
နိုဝင်ဘာ ၉ရက် မနေ့က ကျင်းပခဲ့တဲ့ ရန်ကုန်လွှတ်တော် ဒသမအကြိမ်မြောက် အစည်းအဝေး အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာပါ။
” အခက်အခဲ၊ အကြပ်အတည်း တွေကြားက နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အားကောင်းမောင်းသန် ခုခံတွန်းလှန်ခဲ့ကြသလို ပိုမို ကြပ်တည်းခက်ခဲလာတဲ့အချိန်တွေမှာလည်း နောက်မဆုတ်စတမ်း တော်လှန်နေခဲ့ကြတာ ယနေ့အထိပဲ ဖြစ်ပါတယ်။ စစ်ကိုင်း၊ မကွေး စတဲ့ ဒေသများသကဲ့သို့ နယ်မြေစိုးမိုးမှုမရသေးပေမယ့် ရန်ကုန်ဒေသဟာ တော်လှန်ရေးရဲ့ ခြေလှမ်းတိုင်းမှာ နောက်မကျပဲ လိုက်ပါရင်း နိုင်ငံရေးအရ အဆင်သင့်ဖြစ်နိုင်ရေး ကြိုးပမ်းနေခဲ့ကြတာ ယနေ့ နိုင်ငံရေးအခင်းအကျင်းကို ကြည့်ရင် သိသာစေပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ရန်ကုန်မှာ နေထိုင်နေကြတဲ့ ပြည်သူလူထုဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှု၊ အကြပ်ကိုင်မှု၊ ဥပဒေမဲ့ရမ်းကားမှုတွေကြားကနေ ခက်ခဲစွာ ရှင်သန် ရပ်တည်နေကြရတာဖြစ်လို့ ရန်ကုန်ပြည်သူလူထုရဲ့ သတ္တိကိုလည်း ချီးကျူးဂုဏ်ပြုလိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
” ဒါ့အပြင် ရန်ကုန်တော်လှန်ရေးအင်အားစုအသီးသီးက သူရဲကောင်းတွေရဲ့ စွန့်လွှတ်ပေးဆပ် အနစ်နာခံခဲ့ရမှုတွေ အပေါ်မှာလည်း ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရက ဘယ်တော့မှ လစ်လျူရှုထားမှာ မဟုတ်ပါဘူးဆိုတာကိုလည်း အပြည့်အဝ ယုံကြည်ပေးဖို့ ပြောကြားလိုပါတယ်”လို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။
တဖက်မှာလည်း ရန်ကုန်တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေ စိုးမိုးထိန်းချုပ်နိုင်ရေးနဲ့ လွတ်မြောက် နယ်မြေများ ရရှိရေးအတွက် ကြိုးပမ်းနေကြ တွေ့ရကြောင်း ပြောပါတယ်။
“ဒီလိုကြိုးပမ်းမှုတွေနဲ့အတူ ကြား ကာလအုပ်ချုပ်ရေးယန္တရားတရပ်ကို ဒေသအဆင့်မှာ စနစ်တကျလည်ပတ်နိုင်ဖို့အတွက်လည်း ကြိုတင် ပြင်ဆင်မှုတွေ စနစ်တကျ လုပ်ဆောင်နေခဲ့ကြတာဖြစ်လို့ ဒီနေ့ကို လွှတ်တော်ခေါ်ယူကျင်းပပြီး ကြား ကာလအစီအမံတရပ်ကို အတည်ပြုဖို့ လုပ်ဆောင်နိုင်ကြတာ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
လွှတ်တော်တွေအားကောင်းခိုင်မာမှုရှိမှသာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ လုပ်ငန်းစဉ်တွေကို တဆင့်ပြီး တဆင့်တက်လှမ်းအကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ အတည်ပြုမယ့် ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံဟာ ရန်ကုန်ပြည်သူလူထု အတွက်၊ လူထုဆန္ဒနဲ့အညီ ကြားကာလရန်ကုန်အစိုးရတရပ်ဖော်ဆောင်ဖို့ အကောင်းဆုံးလမ်းစဖြစ်တယ်လို့လည်း ပြောပါတယ်။
“နှစ်ပေါင်းများစွာ ဗဟိုချုပ်ကိုင်မှုအောက်မှာ ဖိနှိပ်ခံခဲ့ရတဲ့ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ ဒေသတခုချင်းစီရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးတွေကို အာမခံပေးနိုင်ဖို့ဆိုတာ ဒီကနေ့ တော်လှန်ရေး ဆင်နွှဲနေကြရခြင်းရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။” လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
နွေဦးတော်လှန်ရေးခရီးဟာ အခုဆိုရင် ၅နှစ်ထဲကို ရောက်လာပြီဖြစ်သလို တော်လှန်ရေးအောင်ပွဲ နီးလေ အခက်အခဲတွေ့လေ ဖြစ်ဟု ပြောပါတယ်။
“ ခရီးဆုံး မရောက်သေးခင် ကာလမှာတော့ ဘက်စုံ၊ ထောင့်စုံကနေ တိုက်ပွဲဝင်ရင်း မိမိတို့ဒေသတခုတည်း လွတ်မြောက်ရေးထက် ပြည်ထောင်စုတဝှမ်းလုံး လွတ်မြောက်ရေးကိုလည်း မဖြစ်မနေ ထည့်သွင်း စဉ်းစားလုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ဆိုတာဟာ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင် ဖြုတ်ချနိုင်မှ ဖြစ်ပါမယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ပြည်ထောင်စုရဲ့ မည်သည့်အရပ်ဒေသမှာ မဆို မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အကြမ်းဖက်စစ်အာဏာရှင်နဲ့ အာဏာရှင်မျိုးဆက်တွေမရှိတော့မယ့် အခြေအနေမျိုးရောက်မှ ဒီမိုကရေစီအနှစ်သာရနဲ့ ဖက်ဒရယ်စနစ်ကို အပြည့်အဝ အကောင်အထည်ဖော် နိုင်မှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါကြောင့် နိုင်ငံရေး၊သံတမန်ရေး၊ ဘဏ္ဍာရေးမျက်နှာစာတွေမှာ အောင်မြင်မှုတွေရရှိ အောင် တိုက်ပွဲဝင်‌နေကြသလို စစ်ရေးမျက်နှာစာ အရှိန်အဟုန်မြှင့်ဖို့ တော်လှန်ရေးရဲဘော်တွေဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
(ရန်ကုန်မြို့မှာ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေအလိုမရှိကြောင်း ၂၀၂၄ စက်တင်ဘာ ၁၉ရက် ဆန္ဒပြနေစဉ်။ ဓာတ်ပုံ – စမ်းချောင်းသပိတ်ပင်မစစ်ကြောင်း)