စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများကို တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူမည်ဟု NUG က ကြေညာ
ရန်ကုန်၊ နိုဝင်ဘာ ၇
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများကို တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာသည်။
အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများအား တိုင်ကြားနိုင်ကြောင်း၊ မည်သူမဆို ပြည်သူလူထုကို အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်သလို ဥပဒေနှင့်ငြိစွန်းသော လုပ်ရပ်လည်း ဖြစ်ကြောင်း NUG က ကြေညာသည်။
ထို့ကြောင့် အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများရှိပါက သက်သေနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရထံသို့ တိုင်ကြားနိုင်ကြောင်း ၊ တိုင်ကြားရာတွင် Telegram – https://t.me/publicnugmohai သို့လည်းကောင်း တိုင်ကြားနိုင်ပြီး သိလိုသည်များမေးမြန်းရန်နှင့် အကြံဉာဏ်တောင်းခံလိုပါက နေ့စဉ် ည ၈ နာရီမှ ည ၁၀နာရီအထိ Telegram – https://t.me/nugpublicaffairsbot သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
ရွေးကောက်ပွဲတွင်း အတင်းအကျပ် မဲပေးခိုင်သည့် ပြစ်မှုထင်ရှားပါက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာသည်။
“ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေ အထူးသဖြင့်တော့ အုပ်ကြီးတွေကိုတော့ ကျနော်တို့ဘက်မှာတော့ ပစ်မှတ်ထား အရေးယူတာရှိတယ်။ မဲစာရင်းကောက်သူ၊ အားပေးကူညီသူတွေကိုလည်း ပစ်မှတ်ထား အရေးယူတာရှိတယ်။ ကျနော်တို့ အရေးယူတာကတော့ မူဝါဒပိုင်းကတော့ ရွေးကောက်ပွဲဆန့်ကျင်ရေး မူဝါဒပါပဲ။ အရေးယူမှုအပိုင်းကတော့ ကိုယ့်တပ်ဖွဲ့ ရဲ့ နည်းလမ်းတွေနဲ့ အရေးယူတာပါ” ဟု ပဲခူးတိုင်းအတွင်းမှ ပြောက်ကျား Local PDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောဆိုသည်။