စစ်ကောင်စီရွေးကောက်ပွဲကို နယူးဇီလန်အစိုးရ လက်မခံကြောင်း ထုတ်ပြန်ဖို့ လွှတ်တော်ဆုံးဖြတ်
■ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အတွက်မြန်မာပြည်သူတွေရဲရဲရင့်ရင့်ခုခံတွန်းလှန်မှုဟာ နယူဇီလန်ကကူညီဖို့ထိုက်တန်တယ်လို့လေဘာပါတီအမတ်ပြော
နိုဝင်ဘာ-၅၊၂၀၂၅။People’s Spring
နယူးဇီလန်အစိုးရက စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ပေးဖို့ အဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက် ဒီနေ့ ကျင်းပတဲ့ နယူးဇီလန်လွှတ်တော်မှာ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်တာကြောင့် နယူးဇီလန်အစိုးရအနေနဲ့ အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြု၊ လက်မခံသင့်ကြောင်း အဆိုကို လွှတ်တော်တက်ရောက်လာတဲ့အမတ်အားလုံးက ထောက်ခံအတည်ပြုခဲ့တာပါ။
အဲဒီအဆိုကို လေဘာပါတီက ဖီလ်တွိုင်ဖို့ဒ်က တင်သွင်းခဲ့ပြီး ဂရင်းပါတီက တေးနူတူအိုနိုက ထောက်ခံခဲ့ပြီး နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာကလည်း အားလုံးပါဝင်တဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အလိုရှိတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ဆက်လက်ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။
လေဘာပါတီက ဖီလ်တွိုင်ဖို့ဒ်က ဆွေးနွေးတာမှာ စစ်ရာဇဝတ်သား မင်းအောင်လှိုင်ဟာ ကိုယ်ပြည်သူ့တွေကို ဗုံးကြဲသတ်ဖြတ်တာ ၊ကလေးငယ်တွေအပါအဝင် စာသင်ကျောင်းတွေ ၊ဆေးရုံတွေကိုပါမရှောင်ဗုံးကြဲသတ်ဖြတ်နေတာ ၊ နေအိမ်တွေကိုမီးရှိုတာ ၊ပြည်သူပေါင်း သုံးသန်းခွဲကျော်နေအိမ်တွေကနေထွက်ပြေးနေရသလို ပြည်သူ ၁၆ သန်းကျော်ဟာလည်း အငတ်ဘေးရင်ဆိုင်နေရတယ်ဆိုတာကို IIMM ၊ WFP တို့ကအချက်အလက်တွေနဲ့ကိုးကားပြောသွားပါတယ် ။ဒါကြောင့် မြန်မာနိုင်ငံဟာ နေရပ်မှာထွက်ပြေးတိမ်းရှောင်နေရသူ အာရှတိုက်မှာအများဆုံးနိုင်ငံ ၊ ကျားဖြန့် ၊ မူးယစ်ဆေးဝါး ပြသာနာတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ အဆိုးဆုံးဖြစ်လာတယ်လို့ပြောပါတယ် ။
ဒါအပြင် စစ်တပ်ရွေးကောက်ပွဲဟာ အဓိက အတိုက်အခံပါတီကြီးတွေမပါသလို ၊တစ်နိုင်ငံလုံးမှာလည်း မလုပ်နိုင်ပဲ ၊ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ဖေစ်ဘွခ်ပေါ်မှာဝေဖန်ရင်တောင် ဖမ်းဆီးထောင်ချနေတယ်လို့လည်းပြောပါတယ် ။စစ်တပ်ရွေးကောက်ပွဲဟာ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာအသိအမှတ်ပြုမှုရချင်လို့ စိတ်ကြိုက်ဖန်တီးထားတဲ့ လှည့်စားထားတဲ့ ရွေးကောက်ပွဲ-Sham Election သာဖြစ်တယ်လို့လည်းပြောပါတယ်။
စစ်တပ်ကို ကူညီနေတဲ့ တရုတ် ၊ ရုရှား ၊အိန္ဒိယ နိုင်ငံတွေကိုလည်း ကိုယ့်ပြည်သူကို ပြန်သတ်နေတဲ့စစ်တပ်ကို ငွေကြေး ၊နည်းပညာ ၊စစ်လက်နက် ၊နည်းပညာတွေမပေးဖို့တိုက်တွန်းခဲ့ပါသေးတယ် ။
ယနေ့ ကမ္ဘာပေါ်မှာ အကြမ်းအဖက်ဆုံးစစ်တပ်နဲ့ ရင်ဆိုင်ရပေမယ့် မြန်မာပြည်သူတွေက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးအတွက် ရဲရဲရင့်ရင့်ခုခံတွန်းလှန်နေတာဟာ နယူဇီလန်က ကူညီဖို့ထိုက်တန်တယ်လို့ လည်းပြောကြားခဲ့ပါတယ် ။
ယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးကလည်းအာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေမှာ မဟုတ်ကြောင်းဒီနေ့ လွှတ်တော်မှာ ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဥ်တွေဟာ ချို့ယွင်းချက်တွေအပြည့်နဲ့ မဲစာရွက်တွေမှာ မြန်မာပြည်သူတွေ ထောက်ခံအားပေးတဲ့ နိုင်ငံရေးပါတီ မပါဝင်ကြောင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ထောက်ပြပါတယ်။ စစ်တပ်ရွေးကောက်ပွဲကို ဝေဖန်သူတွေကိုလည်း ဖိနှိပ်တဲ့ဥပဒေတွေကို ပြဌာန်းထားကြောင်း သူက ဆက်ပြောပါတယ်။
နယူးဇီလန်အစိုးရအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ပါ အချက်တွေနဲ့ အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ တူညီဆန္ဒ ၅ရပ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဝင်စတန်ပီတာကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီ လက်ရှိစီစဥ်ထားတဲ့ အစီအစဥ်အတိုင်း ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုပါက ယုံကြည်နိုင်ဖွယ်မရှိကြောင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပါတယ်။
တဖက်မှာလည်း အမျိုးသာညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴