စစ်ဘေးကြောင့် ဒုက္ခရောက်နေရသည့် မြန်မာပြည်သူများကို နိုင်ငံတကာက မေ့မထားကြရန်နှင့် ပစ်မထားကြရန် ပုပ်ရဟန်းမင်းကြီး လီယိုက မေတ္တာရပ်ခံ

စစ်ဘေးကြောင့် ဒုက္ခရောက်နေရသည့် မြန်မာပြည်သူများကို နိုင်ငံတကာက မေ့မထားကြရန်နှင့် ပစ်မထားကြရန် ပုပ်ရဟန်းမင်းကြီး လီယိုက မေတ္တာရပ်ခံ
ရန်ကုန်၊ နိုဝင်ဘာ၆

Pope Leo XIV greets people at the conclusion of his inauguration Mass in St. Peter’s Square at the Vatican May 18, 2025. (CNS photo/Lola Gomez)

ပြည်တွင်းစစ်ဘေးကြောင့် အတိဒုက္ခရောက်နေရသည့် မြန်မာပြည်သူများကို နိုင်ငံတကာက မေ့မထားကြရန်နှင့် ပစ်မထားကြရန် ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားမေတ္တာရပ်ခံလိုက်သည်။
ယမန်နေ့ နိုဝင်ဘာ ၅ ရက်နေ့ စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် အပတ်စဉ် ဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး လီယိုက အထက်ပါအတိုင်း မိန့်ကြားမေတ္တာရပ်ခံခဲ့ခြင်းဖြစသ်ည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြည်တွင်းစစ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကြောင့် ဒုက္ခရောက်နေရသော မြန်မာနိုင်ငံသားများကို မစွန့်ပစ်ရန်နှင့် မေ့မထားကြရန် ၊ အကူအညီများပေးကြရန်နှင့် ဆုတောင်းပေးကြရန် ၎င်းက မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။
“ကမ္ဘာ့ဒေသအသီးသီးမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေရသူတွေအတွက် ဆုတောင်းပေးဖို့ ကျွန်ုပ်နှင့်အတူ ပါဝင်ဖို့ ဖိတ်ခေါ်လိုပါတယ်။ ကျွန်ုပ်အနေနဲ့ မြန်မာနိုင်ငံအကြောင်း အထူးစဉ်းစားနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေကို မမေ့ဖို့နဲ့ လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ကြဖို့ တိုက်တွန်းပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုဆုတောင်းပွဲ တက်ရောက်လာသူ ဘုရားဖူးထောင်ပေါင်းများစွာရှေ့တွင် မိန့်ကြားသည်။
လက်နက်ကိုင်ပဋိပက္ခများ၊ အတင်းအကျပ်နေရာရွှေ့ပြောင်းခံရခြင်းနှင့် အခြေခံအရင်းအမြစ်များ ချို့တဲ့ခြင်းတို့ကြောင့် ဆက်လက်ဒုက္ခခံစားနေရသည့် မြန်မာပြည်သူများအတွက် လီယိုက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်မိန့်ကြားခဲ့သည်။
ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ အခြေအနေမှာ ကပ်ဘေးကြီးအဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ်တွင် လူပေါင်း ၂၀ သန်းနီးပါး အကူအညီလိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူ ၃ ဒသမ ၅ သန်းခန့်သည် ပြည်တွင်း၌ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အများစုမှာ မတည်မငြိမ်ဖြစ်နေသော အခြေအနေများတွင် နေထိုင်ကြရကြောင်း သိရှိရသည်။
ယခုနှစ် မတ်လတွင် ငလျင်လှုပ်ခတ်မှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များနှင့် နိုင်ငံတကာရန်ပုံငွေ အကန့်အသတ်ရှိခြင်းကြောင့် မြန်မာပြည်သူများ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရှိရသည်။
ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံအတွက် ဆုတောင်းချက်များသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများထဲမှ တစ်ခုကို ရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခဲ့သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှုဖြင့် စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် ပြည်တွင်းပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းသဖြင့် လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာကာ စစ်တပ်ကို တိုင်းရင်သားများနှင့် ဒီမိုကရေစီလိုလားသော ပြည်သူများ လက်နက်ကိုင် တိုက်ခိုက်နေကြခြင်းဖြစ်သည်။