စစ်တပ်က အင်တာနက်ပေါ်မှ သတင်းများကို တန်ပြန်ရန်နှင့် နိုင်ငံရေးအရတိုက်ခိုက်မှုများကို တားမြစ်အရေးယူရန် ပြည်ထဲရေးဒုဝန်ကြီး ဦးဆောင်သော ကော်မတီနှင့် နည်းပညာကျွမ်းကျင်အဖွဲ့များ ဖွဲ့စည်းပြီး ၂၄ နာရီစောင့်ကြည့်
ရန်ကုန်၊ နိုဝင်ဘာ ၅




အကြမ်းဖက်စစ်တပ်က အင်တာနက်ပေါ်မှ သတင်းများကို တုံ့ပြန်ရန်နှင့် နိုင်ငံရေးအရတိုက်ခိုက်မှုများကို တားမြစ်အရေးယူရန် ပြည်ထဲ ရေးဒုဝန်ကြီး ဦးဆောင်သော ကော်မတီနှင့် နည်းပညာကျွမ်းကျင်အဖွဲ့များ ဖွဲ့စည်းပြီး ၂၄ နာရီစောင့်ကြည့်ရန် အမိန့်နှင့် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း စစ်တပ်က ထုတ်ပြန်ထားသော ပြန်တမ်းအရ သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ နေ့စွဲဖြင့် အမိန့်ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်တွင် အင်တာနက်ပေါ်မှ သတင်းတု၊ သတင်းမှားများ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများ အပါအဝင် အွန်လိုင်းပေါ်မှ လုပ်ဆောင်ချက်များကို တားမြစ်အရေးယူနိုင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါကော်မတီတွင် ပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဒုဝန်ကြီးက ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်အားလုံး စုစုပေါင်း ၁၁ ဦးပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီတွင် ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ချုပ်၊ ပြန်ကြားရေး ညွှန်ချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ အရာရှိကြီး ၁ ဦး၊ စသုံးလုံး ဒုညွှန်ချုပ၊ ဗဟိုဘဏ် ညွှန်ချုပ်၊ ရဲမှုခင်းနှင့်ဥပဒေရေးရာ ဌာနကြီးမှူး၊ ဒုရဲချုပ် ၂ ၊ မှုခင်းရဲတပ်ဖွဲ့မှူး၊ ပို့/ဆက်ဒုညွှန်ချုပ်တို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် အင်တာနက်ပေါ်မှ သတင်းများနှင့် နိုင်ငံရေးအရ တိုက်ခိုက်ခြင်းများကို အရေးယူရန် နည်းပညာကျွမ်းကျင် ပညာရှင်များပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းပြီး ၂၄ နာရီစောင့်ကြည့်ရန်၊ အင်တာနက်ပေါ် သတင်းတင်သူများနှင့် နိုင်ငံရေးတိုက်ခိုက်သူများကို နည်းပညာဖြင့် ရှာဖွေဖော်ထုတ်အရေးယူရန်၊ အင်တာနက်ပေါ်မှ သတင်းဖော်ပြမှုများကို အဖွဲ့ဖွဲ့စည်းပြီး တန်ပြန်ဆောင်ရွက်ရန် တို့ပါဝင်သည်။
ယင်းအပြင် ကျူးလွန်သူများ အသုံးပြုလျက်ရှိသော ဖုန်းနံပါတ်များ ပိတ်သိမ်းရေး၊ ဘဏ်အကောင့်အချက်အလက်များ၊ ငွေသွင်းငွေထုတ်မှတ်တမ်းများ ရယူ ခြင်းနှင့် ဘဏ်အကောင့်များကို ယာယီတားဆီးခြင်းများ ပြုလုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်တို့ကိုလည်း ကော်မတီ၏ လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းထားသည်။