ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာပေးပို့လိုက်ပြီး ပြင်သစ်နိုင်ငံအနေဖြင့် သူမကို မမေ့ဟု ထုတ်ဖော်ပြောဆို 🟥စစ်တပ်က မတရားဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အလွန်စိုးရိမ်ပူပန်ပြီး ချက်ချင်းလွှတ်ပေးရန် ပြင်သစ်သမ္မတ တောင်းဆို

ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာပေးပို့လိုက်ပြီး ပြင်သစ်နိုင်ငံအနေဖြင့် သူမကို မမေ့ဟု ထုတ်ဖော်ပြောဆို
🟥စစ်တပ်က မတရားဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အလွန်စိုးရိမ်ပူပန်ပြီး ချက်ချင်းလွှတ်ပေးရန် ပြင်သစ်သမ္မတ တောင်းဆို
ရန်ကုန်၊ နိုဝင်ဘာ ၄
ပြင်သစ်သမ္မတ Emmanuel Macron က ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာပေးပို့လိုက်ပြီး ပြင်သစ်နိုင်ငံအနေဖြင့် သူမကို မမေ့ပါကြောင်း ပြင်သစ်သမ္မတ၏ စာတွင် ထုတ်ဖော်ပြောဆိုထားသည်။
ပြင်သစ်သမ္မတ Emmanuel Macron က ဒေါ်အောင်ဆန်းစုကြည်သို့ လိပ်မူ၍ စာရေးသားခဲ့ခြင်းဖြစ်ပြီး ယင်းစာကို ကင်မ်အဲရစ်ထံသို့ ပေးပို့ခဲ့သည်။ အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း၊ မြန်မာနိုင်ငံတွင် ၅ နှစ်နီးပါး အကျပ်အတည်းကာလအတွင်း အခြေအနေများကိုလည်း အလေးပေးပြောဆိုထားသည်။
အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အလွန်စိုးရိမ်ပူပန်ပြီး ချက်ချင်းလွှတ်ပေးရန် ပြင်သစ်သမ္မတ Emmanuel Macron က တောင်းဆိုထားသည်။
မြန်မာစစ်တပ်၏ မတရားဖမ်းဆီးချုပ်နှောင်မှု ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံအနေဖြင့် မမေ့ကြောင်း၊
စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားမှုကို အဆုံးသတ်ရန်လည်း တောင်းဆိုထားသည်။
ပြင်သစ်သမ္မတ၏ အဆိုပါ ပေးစာမှာ အောက်တိုဘာလ ၁ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကင်မ်အဲရစ်ကလည်း ပြင်သစ်သမ္မတ ၏ စာကို ရရှိထားပြီး ပြင်သစ်နိုင်ငံ့ခေါင်းဆောင်နှင့်ပြည်သူများက သနားကရုဏာထားပြီး အမြဲတမ်းထောက်ခံအားပေးမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း၊ ပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာအတွက် အထူးကိုယ်စားလှယ် မစ္စတာ ခရစ်စတန် လရှယ်ဗီ (Mr. Christian Lechervy) မှတစ်ဆင့် ပြင်သစ်သမ္မတမက်ခရွန်ထံမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာကို လက်ခံရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
“စာထဲမှာ သမ္မတက မေမေ့ရဲ့ ကျန်းမာရေးအနေအထားကို စိုးရိမ်ပူပန်ကြောင်း ဖော်ပြသကဲ့သို့၊ မေမေအပါအဝင် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ ပြင်သစ်နိုင်ငံမှ တခါထပ်မံတောင်းဆိုကြောင်း ရေးသားထားပါတယ်။ “အသက်ကြီးလာပြီဖြစ်တဲ့ ကျွန်တော့်မေမေဟာ အချုပ်အနှောင်ထဲမှာ ကျန်းမာရေး မကောင်းတော့ပါ။ မေမေဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် သူ့ဘဝ အသက်တာတစ်လျှောက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်တယ်။ မေမေလွတ် မြောက်ခြင်းဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက်သာမက မြန်မာပြည်ရဲ့ လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း အရေးပါဆုံးဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ သနားကရုဏာတရား၊ အားပေးမှုနဲ့ မိတ်ဆွေကောင်း ပီသခြင်းတို့အတွက် ကျွန်တော်လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။ ဒါဟာ အမှန်တရား၊ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး တို့ကို နှုတ်ပိတ်ထားလို့ မရဘူးဆိုတာ ကမ္ဘာတဝှမ်းကလူတွေကို အသိပေးလိုက်တဲ့ စိတ်ရေးဆိုင်ရာ ခေါင်းဆောင်မှုတစ်ရပ် ဖြစ်တယ်” ဟု ကင်မ်အဲရစ်က သတင်းထုတ်ပြန်ထားသည်။