သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်ပြုရန် အသနားခံစာ တင်ပြမှု UEC က ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ဟု သုံးသပ်ထားပြီး မင်းအောင်လှိုင်၏အဆုံးအဖြတ်သာ အဓိကဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၃

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်က ၎င်းကို လွှတ်တော်ကိုယ် စားလှယ် လောင်းအဖြစ်မှ ပယ်ဖျက်ထားမှုအပေါ် သက်ညှာ စဉ်းစားပေးရန် နှင့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့်ပြုရန် တင်ပြထားမှုအပေါ် ရွေးကောက်ပွဲကော်မရှင်(UEC) က ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်တင်ပြထားကြောင်း သိရှိရသည်။
အောက်တိုဘာလနှောင်းပိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်တွင် အကြွေးပေးရန် ရှိနေသော အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ရွေးကောက်ပွဲကော်မရှင်(UEC)က ပယ်ဖျက်ခဲ့ကြောင်း၊ သို့ရာတွင် သက်သက်ခိုင်က ပြန်လည် စဉ်းစားပေးရန် မင်းအောင်လှိုင်နှင့် UEC ဥက္ကဋ္ဌထံသို့ အသနားခံစာ တင်ထားကြောင်း၊ အဆိုပါ အသနားခံစာများကို UEC ဘက်က ပြန်လည် သုံးသပ်စဉ်းစားရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သုံးသပ်ထားကြောင်း၊ ယင်းသုံးသပ်ချက်ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ တင်ပြကြမည်ဖြစ်ပြီး မင်းအောင်လှိုင်၏ အဆုံးအဖြတ်သာ အဓိက ဖြစ်ကြောင်း၊ မင်းအောင်လှိုင်က ခွင့်ပြုလျှင် သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်ရ မည်ဖြစ်ပြီး မင်းအောင်လှိုင်က UEC ၏ သဘောထားအတိုင်းသာ ဖြစ်သည်ဟု မှတ်ချက်ပေးလျှင် သက်သက်ခိုင်ကို ကိုယ်စား လှယ်လောင်းအဖြစ်မှ ပယ်ဖျက်ထားမှုကို ရုပ်သိမ်းရန် မရှိကြောင်း သိရှိရသည်။
“UEC အဖွဲ့အတွင်း သဘောထားကတော့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်တယ်။ ပြဋ္ဌာန်းချက်နဲ့ အညီ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သုံးသပ်ချက် ထွက်ပါတယ်။ အဲဒီသုံးသပ်ချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီးဆီ ပို့မယ်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးက UEC ရဲ့ အဆုံးအဖြတ်ကို သူ့အနေနဲ့ ဘာမှ စွက်ဖက်စရာမရှိဘူးဆိုရင် ဒေါက်တာသက်သက်ခိုင်ရဲ့ ကိုယ် စားလှယ်လောင်း ပယ်ဖျက်ထားမှုက ဘာမှ ပြုပြင်ပြောင်းလဲမှု ရှိမှာမဟုတ်ဘူး။ ဒေါက်တာသက်သက်ခိုင်ရဲ့ အသနားခံစာအပေါ် ဗိုလ်ချုပ်မှူးကြီးက Yes ဆိုရင် ရွေး ကောက်ပွဲဝင်ခွင့်ရမယ်။ UEC အဆုံးအဖြတ်အတိုင်းလို့ မှတ်ချက်ပေးရင်တော့ သူ ရွေးကောက်ပွဲဝင်ခွင့်က No ဖြစ်မှာပေါ့။ ဒါပေမယ့် တစ်ဖက်မှာလည်း သူ့အကြွေးတွေက မကျေသေးတော့ ဥပဒေနဲ့က ငြိနေဆဲဖြစ်တာမို့ သူရွေး ကောက်ပွဲ ဝင်ခွင့် မရဖို့က သေချာသလောက်ဖြစ်ပါတယ်” ဟု ယင်းအမှုကိစ္စကို ထဲထဲဝင်ဝင် သိရှိနေသော နေပြည်တော် UEC ရွေးကောက်ပွဲကော်မရှင်သတင်းရင်းမြစ်က ရှင်းပြသည။
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် အမည်စာရင်း တင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက် ပွဲကော်မရှင်က ကြေညာခဲ့ခြင်းဖြစ်သည်။
ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံ ကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ်ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း အတိုးရော အရင်းပါ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။
စစ်တပ်က ပြင်ဆင်ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၈ (ဃ) ပါ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်တွင် နိုင်ငံတော်နှင့် ပုဂ္ဂလိက သို့ မသင့်လျော်သည့် ပေးရန် တာဝန်ကင်းရှင်းသူများ ဟု ပြဋ္ဌာန်းထားရာ သက်သက်ခိုင်မှာ ကမ္ဘောဇဘဏ်သို့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် အကြွေးပေးရန် ရှိနေ၍ အဆိုပါ ဥပဒေပုဒ်မနှင့် ငြိစွန်းနေခြင်းဖြစ်သည်။
သက်သက်ခိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးကို လွှတ် တော်ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်များနှင့် မပြည့်မီသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
သက်သက်ခိုင်ကမူ ၎င်းအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၈၅ သန်းတန် ငွေကျပ်အားဖြင့် ၇၄၀ ဘီလီယံတန် 68 Resident အိမ်ရာစီမံကိန်းအတွက် KBZ ဘဏ်မှ အကြွေးယူခဲ့ရပြီး အတိုးနောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အကြွေး ကို ၈ နှစ်တန်သည်ဖြစ်စေ၊ ၁၀ နှစ်တန်သည်ဖြစ်စေ ဆက်လက် ဆပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်တွင် လွန်ခဲ့သော ရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲကျင်းပ၍ ထုတ်ဖော်ပြောဆိုခဲ့သည်။