မြဝတီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်မ ၂၂ ထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)
နိုဝင်ဘာ ၃၊ ၂၀၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက် တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြဝတီမြို့နယ် လေးကော့ကော်မြို့သစ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ BGF ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။
”တပ်မ ၂၂ မှ ပေးပို့လိုက်သော လက်ဆောင်များအား ဗိုလ်မှူးကြီးဒါဘောမှ လက်ခံရရှိပါကြောင်း” လို့ ရေးသားပြီး သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ကျားသစ်နက် တပ်ခွဲ ၂ က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Video-Black Panther Column – တပ်ခွဲ ၂




မြဝတီတောင်ပိုင်း၊ နယ်စပ်ရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲပြင်းထန်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ရသေ့ဂူ၊ မင်းလက်ပံနဲ့ ဖလူးကျေးရွာတို့ကို စစ်တပ်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲ တွေ ဆက်ပြင်းထန်နေတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်က ဒီနေ့ နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
စစ်တပ်ရဲ့ တပ်မဟာ ၂၂ လက်အောက်ခံ စစ်ကြောင်းတွေက နည်းပညာမြင့် ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူနဲ့ တာဝေးပစ်ဒုံးကျည်တွေအပြင် လေကြောင်းတိုက်ခိုက်ခိုက်မှုတွေလုပ်ပြီး အဲဒီရွာတွေကို စစ်ကြောင်းထိုးလာတာလို့ ကျားသစ်နက်စစ်ကြောင်း ဗျူဟာ ၃၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ခဲယမ်းမီးအမြောက်အမြား သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ကျားသစ်နက်စစ်ကြောင်းက ဓာတ်ပုံနဲ့ အတူ မနေ့ နိုဝင်ဘာ ၂ ရက်ညပိုင်းမှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တချို့ဖမ်းဆီးရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူလည်း များတယ်လို့ပြောပေမယ့် ဒဏ်ရာရ၊ ဖမ်းမိထားတဲ့ အရေအတွက်ကိုတော့ ကျားသစ်နက်စစ်ကြောင်းက မဖော်ပြထားပါဘူး။
စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် “ရွာ ၃ ရွာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ”လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ကလည်း မြဝတီမြို့ကနေ အင်ကြင်းမြိုင်ရွာနဲ့ လေးကေ့ကော်မြို့ဘက်ကို စစ်ကူစစ်ကြောင်း နှစ်ဖက်ခွဲပြီးထပ်ပို့ထားတယ်လို့ သူက ထပ်ပြောပါတယ်။
အင်ကြင်းမြိုင်ကတော့ တိုက်ပွဲဖြစ်နေတဲ့ ရွာ ၃ ရွာရဲ့ အရှေ့ဘက်မှာရှိပြီး လေးကေ့ကော်မြို့ကတော့ တောင်ဘက်မှာ ရှိပါတယ်။
စစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ဦးဆောင်ပြီး ဗျူဟာ(၃၂) ကျားသစ်နက်စစ်ကြောင်း ၊ကော်ဘရာစစ်ကြောင်း ၊ ဗွီနွန်စစ်ကြောင်း၊ Justice soldierတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ကတော့ မြဝတီမြို့နယ်ထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။