ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံး

ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ရခိုင်ဒေသ သတင်းရင်းမြစ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်နှင့် နံနက် ၁၁ နာရီ ၃၇ မိနစ်အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၀ ဦးနီးပါး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဗုံးကျဲတာက စာသင်ကျောင်းနားကို ဗုံးချတာ။ နံနက် ၁၁ နာရီ ၃၅ မိနစ်မှာ ပေါင် ၂၅၀ ဗုံး ၄ လုံးကျဲချတယ်။ နောက် ၁၁ နာရီ ၃၇ မိနစ်မှာ ပေါင် ၂၅၀ ဗုံး ၂ လုံးထပ်ကျဲတယ်။ ရွာနဲ့ စာသင်ကျောင်းကို ပစ်မှတ်ထားပြီးကျဲတာ။ ၄ ဦး သေဆုံးတယ်။ ပြင်းထန်ဒဏ်ရာရသူတွေလည်းများတယ်” ဟု ယင်းဒေသတွင် ရောက်ရှိနေသော ကူညီကယ်ဆယ်ရေး ပရဟိတသမားတစ်ဦးက ရှင်းပြသည်။
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း စစ်တပ်က ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ဇီးကိုင်းကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် အသက် ၅၂ နှစ်အရွယ် ဦးထွန်းအေးလှိုင်မှာ သေဆုံးသွားပြီး ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူပင် စစ်တပ်က ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ် ဇင်ချောင်းကုန်ဘွေကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရသည်။
သေဆုံးသူ ပြည်သူများမှာ ဇင်ချောင်းကုန်ဘောင်ကြီးရွာမှ အသက် ၂၁ နှစ် အရွယ် မစံပယ်ဝင်း၊ အသက် ၅၃ နှစ်အရွယ်ဒေါ်သန္ဒာငြိမ်း၊ မင်းရပ်ရွာမှ အသက် ၃၁ နှစ်အရွယ် ဒေါ်မေမြတ်သူ ၊ အသက် ၃၅ နှစ်အရွယ် ဦးမောင်မြင့်စိုး၊ ဇင်ချောင်းနယ်ပယ်တော်ရွာမှ အသက် ၂၇ နှစ်အရွယ် ကိုအောင်ပိုင်ထွေး(ခ)ဗမာချေနှင့် မူရွင်းရွာမှ ​အသက် ၁၇ နှစ်အရွယ် မစုမယေတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ရခိုင်ဒေသသို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ်မှုများ အရှိန်မြှင့်တင်လာနေပြီး AA က ပြည်သူများ သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ချက် တရားဝင် ထုတ်ပြန် သတိပေးထားသည်။