 
အနုပညာရှင်များအားလုံး အကြမ်းဖက် စစ်တပ်၏  ရွေးကောက်ပွဲ ဝါဒဖြန့် ပေါ်လစီ အလိမ်အညာစည်းရုံးရေးတွင် ပါဝင်ရန်နှင့်  ငြင်းဆန်လျှင် အရေးယူမည်ဟု ညွှန်ချုပ်အေးကြွယ် ခြိမ်းခြောက်၊ ပြည်ပသို့ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခွင့်မပြု
ရန်ကုန်၊ အောက်တိုဘာ ၃၁
အနုပညာရှင်များအားလုံးအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲဆိုင်ရာ  ဝါဒဖြန့် ပေါ်လစီ အလိမ်အညာစည်းရုံးရေးများတွင် ပါဝင်ရမည်ဖြစ်ပြီး ငြင်းဆန်လျှင် အရေးယူမည်ဟု ခြိမ်းခြောက်ကာ  ပြည်ပသို့ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခွင့်မပြုတော့ကြောင်း သိရှိရသည်။
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ချုပ်အေးကြွယ်က ရန်ကုန်မြို့ရှိ ရုပ်ရှင်လုပ်ငန်းရုံးတွင်  ရုပ်ရှင်အသိုင်းအ၀ိုင်းကို ခေါ်ယူတွေ့ဆုံပြီး လာမည့် ရွေး ကောက် ပွဲအတွက် စစ်တပ်က ပြုလုပ်မည့် ဝါဒဖြန့် အလိမ်အညာ စည်းရုံးရေးများတွင် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာသော အနုပညာရှင်၊ သရုပ်ဆောင်များပါ မကျန် ပါဝင်ရမည်ဖြစ်ကြောင်း အကယ်၍ ငြင်းဆန်လျှင် အထက်အမိန့်အရ အရေးယူမည်ဟု ဖိအားပေးပြောဆိုလာကြောင်း သိရှိရသည်။
“လူမင်း၊ ပြေတီဉီး အိန္ဒြာကျော်ဇင်ပါ မကျန် နာမည်ကြီး သရုပ်ဆောင် အနုပညာရှင်များ အားလုံးပါဝင်ရမယ်။ မပါရင် ငြင်းဆန်သူများအားလုံးကို အထက်အမိန့် အရ အားလုံးကို အရေးယူမယ်။  လုပ်ရမှာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကမ်ပိန်းစာသား ကို တစ်ယောက်ချင်းစီ ပြောရမယ်။  ရိုက်ကူးရေးကို စကမ ဘက်ရိုက်ပြီး သူတို့  သတင်းနှင့် ဖျော်ဖြေရး platform အားလုံးတွင် ထုတ်လွှင့်မယ်။ တစ်ချို့ကိုယ်တိုင်ရိုက်ပြီး  သူတို့ဆီကို ပို့ပေးရမယ်။  နိုဝင်ဘာလဆန်းမှာ  ရိုက်ကူးမှာ ဖြစ်တယ်။   ရုပ်ရှင်၊ ဇာတ်လမ်းတို မဟုတ်ပါ။  တစ်ယောက်ချင်းဆီက  စကမ ဘက်က ရွတ်ဆိုခိုင်းတဲ့ ကမ်ပိန်းစာသား ကိုရွတ်ဆိုတဲ့ ဗီဒီယိုရိုက်ကူးရေးဖြစ်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
ပြည်သူများအကြားတွင် အကြမ်းဖက်စစ်တပ်၏ အလိမ်အညာ ဝါဒဖြန့် ရွေးကောက်ပွဲနှင့်ပတ်သက်သော  “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ပြည်သူများက ၀ိုင်းဝန်း ဆန့်ကျင်သပိတ်မှောက်မှု အရှိန်တက်လာချိန်တွင် စစ်တပ်က ထိုသို့ ဖိအားပေးလာခြင်းဖြစ်သည်။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲဆိုင်ရာ အလိမ် အညာဝါဒဖြန့် ဇာတ်လမ်းကို   လူမှုကွန်ရက်မှတစ်ဆင့်  ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် ၊ ဒါရိုက်တာ အောင်ချမ်းလူတို့ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွေးကောက်ပွဲ နှောင့်ယှက်သူများ ဥပဒေဖြင့် အရေးယူမည်ဟု အကြမ်းဖက်စစ်တပ်က ကြေညာထားသည်။
ယင်းအပြင် အနုပညာရှင်များနှင့် သရုပ်ဆောင်များ၊ အဆိုတော်များကို စစ်တပ်ထံသို့ ကြိုတင် အကြောင်းကြားခြင်းနှင့် ခွင့်ပြု ချက်မယူဘဲ ပြည်ပသို့ ထွက်ခွာခွင့်မပြုတော့ကြောင်း၊ ပြည်ပထွက်ခွာမည်ဆိုလျှင် ခွင့်ပြုချက်ယူရမည့်အပြင် ပြန်လာရန်ကိုလည်း ကတိဝန်ခံချက် ထိုးရမည်ဖြစ်ကြောင်း၊ အကယ်၍ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးစားပါက လေဆိပ်မှ လှည့်ပြန်ခိုင်းမည်ဖြစ်ကြောင်း၊ လက်ရှိတွင် လေဆိပ်မှ လှည့်ပြန်ရသော အနုပညာရှင်များရှိနေကြောင်း စစ်လော်ဘီ အဆိုတော်ယုန်လေး၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် ပြည်ပထွက်ရန် ငြင်းဆိုခံရသော အနုပညာရှင်တချို့ထံမှ သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပြန်ကြားရေးမှ ညွှန်ချုပ် အေးကြွယ်။