 
စစ်တပ်က ရခိုင်လူမျိုး Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို AA အား ထောက်ပို့သည်ဟုဆိုကာ ခန္ဓာကိုယ်ကို လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ ရင်ဘတ်ကို စစ်ဖိနပ်ဖြင့်နင်းကန်ခြင်း၊ သေနတ်ဒင်ဖြင့်ရိုက်ခြင်း၊ ရေနှစ်ခြင်းများဖြင့် စစ်ကြော ညှဉ်းပန်းနှိပ်စက်
ရန်ကုန်၊ အောက်တိုဘာ ၃၁
အကြမ်းဖက် စစ်တပ်က ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်(ခ) Mg Alphaကို AA အား ထောက်ပို့သည်ဟုဆိုကာ ခန္ဓာကိုယ်ကို လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ ရင်ဘတ်ကို စစ်ဖိနပ်ဖြင့်နင်းကန်ခြင်းများ လုပ်ဆောင်သည့်အပြင်  သေနတ်ဒင်ဖြင့်ရိုက်ပြီး ရေနှစ်ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပြန်လည် လွတ်မြောက်လာသော အဆိုတော်ဇွဲပြည့်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် နေထိုင်သော Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို အရပ်ဝတ် စစ်သားနှင့်ရဲများ အပါအဝင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် AAကိုထောက်ပို့သည်ဟု စွပ်စွဲကာ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခဲ့ပြီး ပုံစံမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကြောရေးတွင် ဖြတ်သန်းပြီးနောက် မည်သည့်သက်သေမှမတွေ့ရှိ၍  ပြန် လည် လွတ်မြောက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော့်ကို အမှောင်ခန်းထဲမှာ ထားတယ်။ အိမ်သာလောက်ပဲရှိတဲ့အခန်းပါ။  နေ့မှန်းညမှန်းလည်းမသိပါဘူး။ရင်ဘတ်၊ ကျော ကုန်းနဲ့ ပေါင် ၊ခြေသလုံးတွေကို လျှပ်စစ်နဲ့ ရှော့ တိုက်နှိပ်စက်ပါတယ်။  ရင်ဘတ်တွေကိုတော့ စစ်ဖိနပ်နဲ့ နင်း၊  ခြေထောက်နဲ့ကန်တတယ်။ သေနတ်ဒင်နဲ့ ထုတာတွေရှိပါတယ်။ နောက် ပြီး  ရေထဲကို  နှစ်တယ်။  ဘာမှမကျွေးဘဲထားတဲ့ ရက်တွေ ၃ ရက်၊ ၄ ရက်လောက်ရှိတယ်။ သေမှာစိုးလို့  ရေကိုတေ့ာ ဇွန်းလေးနဲ့ ၁ ဇွန်း၊  ၂ ဇွန်း လာတိုက်ပါတယ်။ အဓိက ကျနော့်ကို စစ်မေးတာက AA ကို ထောက်ပို့သလားဆိုပြီး စစ်မေးတာပါ။  နိုင်ငံတော်တည်ငြိမ်ပျက်ပြားမှုနဲ့ ဖမ်းမေးတာပါ” ဟု အဆိုတော် ဇွဲပြည့်ပိုင်က ရှင်းပြသည်။
အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်ကြောရေးတွင် ရက်ပေါင်း ၂၀ ကျော်ကြာ စစ်တပ်က  ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ယင်းနောက် AA နှင့်ပတ်သက်သော အထောက် အထားများမတွေ့ရှိရသဖြင့် အောက်တိုဘာလလယ်ပိုင်းတွင် ပြန် လည် လွတ်မြောက်လာခဲ့ကြောင်း၊ ယင်းနောက် လွတ်မြောက်နယ်မြေသို့ တိမ်း ရှောင်ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကျနော်က သူတို့မေးသမျှကို လုံးဝငြင်းပါတယ်။ လူတိုင်းမှာ လွတ်လပ်တဲ့လေကိုရှုရှိုက်ခွင့်ရှိပါတယ်။ တလွဲတွေကြီးပဲ ပြည့်နေတဲ့နိုင်ငံ” ဟု အဆိုတော်ဇွဲပြည့်ပိုင်က ဆိုသည်။
အဆိုတော် ဇွဲပြည့်ပိုင်(ခ)  Mg Alpha က အသက် ၂၀ ကျော် အနုပညာရှင်တစ်ဦးဖြစ်ပြီး တေးရေး၊ တေးဆိုအပြင် ရခိုင်တိုင်းရင်းသား တေးသီးချင်းများကိုလည်း ရေးဖွဲ့ သီဆိုနေသူဖြစ်သည်။ ၎င်း၏ 11/Arakan  သီချင်းမှာ ရခိုင်တိုင်းရင်းသားများ အကြား လူကြိုက်များကြောင်း သိရှိရသည်။