 
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များနှင့်ဘုန်းကြီးကျောင်းများကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်စည်ပင်က အင်အားသုံး ဖျက်ဆီး၊ လူဦးရေ ရာချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်
ရန်ကုန်၊ အောက်တိုဘာ ၃၀ 






မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက်အမှတ် ၅၁၆ – က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ – ခ အတွင်းရှိ ပြည်သူ့နေအိမ်များနှင့်ဘုန်းကြီးကျောင်းကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်စည်ပင် အတင်းအကျပ် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ စစ်တပ်နှင့်စည်ပင်က ငွေကြည်တော်ကုန်းရပ်ကွက်အတွင်းသို့ အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့ကတည်းက စစ်တပ်နှင့်စည်ပင်က လော်စပီကာဖြင့် နေအိမ်များ ဖျက်ဆီးမည်ဟု အော်ဟစ်ခဲ့ကြောင်း၊ စစ်တပ်၏ အတင်းအကျပ် ဖျက်ဆီးမှုကြောင့် နေအိမ်များစွာအပြင် ဘုန်းကြီးကျောင်းပါ အဖျက်ခံရကြောင်း  သိရှိရသည်။
“ဖျက်ခံရတဲ့ အိမ်ကတော့ အတော်များတယ်။ ဘုန်းကြီးကျောင်းပါ အဖျက်ခံရတာ။ လူဦးရေ ရာချီပြီးတော့ အိုးမဲ့အိမ်မဲ့ဖြစ်ကုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက  ပြောဆိုသည်။
အဆိုပါရပ်ကွက်ကို စစ်တပ်နှင့်စည်ပင်က ကျူးကျော်ဟုဆိုကာ အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ရာမှ နောက်ဆုံးတွင် အင်အားသုံး ဖျက်ဆီးခြင်းဖြစ်ကြောင်း၊  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ တစ်ကြိမ် နှင့် အောက်တိုဘာလ ၁ ရက်နေ့က တစ်ကြိမ် စာပို့ခြိမ်းခြောက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်တပ်နှင့် စည်ပင်က မြေကော်စက်၊ ဘိုဒိုဇာဖြင့် လာရောက်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ ကိုယ့်အိမ်ကို မဖျက်ရင် ဘူဒိုဇာနဲ့ သူတို့လာကော် မယ်ဆိုပြီး ဖျက်ဆီးသွားတာ။ စစ်တပ်ရယ် ၊ ငွေတော်ကြည်ကုန်းအုပ်ကြီးရယ်၊ ရပ်ကွက်ထဲက ဇိုးတွေရယ်ပေါင်းပြီး လုပ်နေတာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
အဆိုပါ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက် အမှတ် ၅၁၆ – က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ – ခ တွင် ပြည်သူများမှာ ဘိုးဘွားအစဉ်အဆက် နေထိုင်လာကြခြင်းဖြစ်ကြောင်း၊  ယခုအခါရပ်ကွက်မှာ ရေ၊ မီးအပြည့်အစုံဖြင့် စည်ကား လာပြီဖြစ်သောကြောင့် လုပ်ငန်းရှင်များက စစ်တပ်အရာရှိများ၊ စည်ပင်အရာရှိများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ ရပ်ကွက်ပျူစောထီးများနှင့်ပူးပေါင်းကာ မတရားသိမ်းယူနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြည်သူ့နေအိမ်များကို ဖျက်ဆီးရန် ငွေကြည်တော်ကုန်းရပ်ကွက်အုပ် ချုပ်ရေးမှူးက သိန်း ၁၀၀၀ ကျပ်၊ အကွက်အမှတ် ၅၁၆ အုပ်ချုပ်ရေးမှူး စံမတူ သိန်း ၅၀၀ ကျပ်ရရှိထားပြီး ပြည်ကြီးတံ ခွန်မြို့နယ်၊ စစ်တပ်လက်အောက်ခံ လူဆိုးခေါင်းဆောင် စံရှား၊ စံရှားလက်အောက်ခံ နှုတ်ခမ်းမွှေး၊ သန့်ဇင် ၊ အောင်ကိုဇော်၊ ငမျိုးတို့လည်း ခွဲတမ်းရယူထားကြောင်း သိရသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၆လမ်း ရွှေတစ်ချောင်းဘေးရှိ အိမ် များ၊ တိုက်များကိုလည်း စစ်တပ်နှင့် စည်ပင် က ဖျက်ဆီးခဲ့သည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင်လည်း အောင်မြေသာစံမြို့နယ် ၈၆လမ်း ၉လမ်း ၁၀လမ်းကြားမြောင်းအရှေ့ကပ်လျက် ရှိအိမ်များနှင့်  ၈ လမ်း ၈၆လမ်းမှ နေအိမ်များကို  စစ်တပ်နှင့်စည်ပင်က  ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့  စစ်တပ်နှင့်စည်ပင်က ငွေကြည်တော်ကုန်းရပ်ကွက်ကို အင်အားသုံးဖျက်ဆီးခဲ့စဉ်။