လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းသိမ်း တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးကာ လက်နက်မျိုးစုံ ၂၁ လက် သိမ်းဆည်းရရှိ

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းသိမ်း တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးကာ လက်နက်မျိုးစုံ ၂၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၃၀
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးကာ လက်နက်မျိုးစုံ ၂၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၃၃ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မောင်းမကန်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရဲစခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။
“တနင်္သာရီဘက်မှာတော့ အဓိက ကမ်းရိုးတန်း ဒေသဖြစ်တဲ့အတွက် ကြည်း၊ ရေ၊ လေ ပြန်ပြီး ခံရတာများတာပေါ့။ ရဲဘော်တွေရဲ့ အဓိက စွန့်လွှတ်စွန့်စား လိုတဲ့စိတ်လုပ်ရဲကိုင်ရဲစိတ်တွေနဲ့ ကျနော်တို့တွေ အားလုံး အနိုင်ယူလိုက်တဲ့ အနေအထားတွေရှိပါတယ်။ ကျနော်တို့တွေ အားလုံးက ဒီဘက်မှာတော့ ဒေသခံတွေလည်းဖြစ်တယ်။ နယ်မြေကျွမ်းကျင်မှုတွေကအစ ဒီစခန်းတိုက်နေတာက အရင်တုန်းကတော့ ဒီလိုပဲ ကျွန်တော်တို့ လက်နက်ကြီးပစ်တယ်။ ဒရုန်းနဲ့ ဗုံးသီးချတယ်။ ပြောက်ကျားပစ်တာလောက်ရှိပဲ ရှိတယ် အခုဟာကျတော့ အလုံးစုံ သိမ်းပိုက်ပြီး စခန်းကို ဖျက်ဆီးလိုက်တာပေါ့။ ရန်သူ့က တိုက်တဲ့နေရာမှာ တော်တော်လေးကို ကြောက်ရွံ့ပြီးတော့ တော်တော်လေးကို သွေးပျက်တဲ့အနေအထားရှိတယ်။ ရန်သူ့လည်းပဲ သူတို့ထင်တာတော့ အဲဒီလောက်ထိ ကျွန်တော်တို့ ဒီဘက်က ပူးပေါင်း တော်လှန်ရေး တပ်တွေကနေပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ သူတို့ မထင်ဘူး။ အလစ်အငိုက်မှာ သူတို့ ခံလိုက်ရတာပေါ့။ ရန်သူအင်အားကတော့ ၆၀ ကျော် ၇၀နီးပါးလောက်ရှိတယ်။ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ တောက်လျှောက် တိုက်တဲ့နေရာမှာ ရန်သူ့ကတော့ အထိနာပြီးတော့ စွန့်ခွာပေးလိုက်ရတာပေါ့။ အဲဒီမောင်းမကန်ရဲစခန်းက လောင်းလုံးမြို့နဲ့ သိပ်မဝေးဘူး။ နည်းဗျူဟာ ၃၃ အထူးတိုင်းစစ်ဌာနပေါ့။ ကျနော်တို့ အဓိက စစ်ရေး လှုပ်ရှားနေတာကတော့ ရေးမြောက်ပိုင်းနဲ့ တနင်္သာရီ ရေဖြူ ၊ လောင်းလုံးဘက်မှာ ဗျုဟာ ၃၃ အဖွဲ့တွေနဲ့ မဟာမိတ် တပ်ပေါင်းစုတွေ ထားဝယ် တိုင်းရင်းသား တပ်တွေဖြစ်တဲ့ D.N.L.A အဖွဲ့တွေပါတယ်။ ရာမညမွန်တပ်တော်တွေပါတယ်။ ပြီးတော့ ထားဝယ် ပကဖ တွေပါတယ်။ တနင်္သာရီ ဗျူဟာ ၃၄ က အဓိက ကျနော်တို့ တပ်ရင်းတွေပေါ့” ဟု အမှတ် ၃၃ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို က ပြောဆိုသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ Uzi အမျိုးအစား သေနတ် (၆) လက်၊ G3 အမျိုးအစား သေနတ် (၇) လက်၊ Shot Gun/Smoke gun (၂) လက်၊ ကွန်မန်ဒိုစိန်ပြောင်း(၂) လက်၊ ခြောက်လုံးပြူး (၄) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ (၂၁) လက်၊ jampar စက် (၂) လုံး နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲစခန်းသိမ်း တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှူအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများဖြစ်သော ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဓူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်များပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။