ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး
အောက်တိုဘာ ၃၀၊ ၂၀၂၅
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အောက်တိုဘာလ ၃၀ရက်၊ ဒီနေ့မနက်ပိုင်းက ရွှေပြည်သာမြို့နယ် အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့ ၂ဖွဲ့က လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ရပ်ကွက်ရုံးထဲမှာရှိနေတဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေတွေ ထိခိုက်မှုရှိနိုင်တယ်လို့ လုပ်ဆောင်ခဲ့တဲ့ Yangon Army (YA) တာဝန်ရှိသူက ပြောပါတယ်။
“ရုံးထဲရှိနေတဲ့ ၄၊ ၅ကောင်လောက်တော့ ထိတယ်။ ဘာလို့ဆို သူတို့တွေ မဲဆွယ်စည်းရုံးရေးလုပ်ရင်း လုံခြုံရေးယူဖို့ လူစုနေတဲ့အချိန်ကွက်တိ ဗျင်းခဲ့တာမလို့ပါ။ လူနာတင်ကားတွေ အလုပ်ရူပ်နေကြပြီ။” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Yangon Army (YA) နဲ့ Mother Son Yangon Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ နီးကပ်နေချိန်ဖြစ်တာနဲ့အညီ စစ်အုပ်စုလက်ပါးစေတွေက ရွေးကောက်ပွဲအတွက် ပြင်ဆင်လုံးပန်းနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အရပ်သားတွေအနေနဲ့ စစ်အုပ်စုလက်ပါးစေတွေဖြစ်တဲ့ ရဲ၊ စစ်သား၊ ပျူစောထီးတွေအပါအဝင် အတုယောင်ရွေးကောက်ပွဲ လုပ်ဆောင်ကြမယ့် နေရာတွေကို အတက်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့ကိုလည်း Yangon Army က တိုက်တွန်းထားပါတယ်။
“ပြည်သူတွေကို ရွေးကောက်ပွဲမဲဆွယ်မယ့် နေရာတွေကို အတတ်နိုင်ဆုံး မသွားကြဖို့ မှာချင်ပါတယ်…ထိခိုက်မှု တစုံတရာ ကြုံခဲ့ရင် ကျနော်တို့ စိတ်မကောင်းဖြစ်ရုံမှတပါး မရှိပါ။ ကြိုတင်အသိပေးခြင်းတွေလည်း တောက်လျှောက်လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်…ဘယ်သူ့ကြောင့်မှ ကျနော်တို့မစ်ရှင်ရပ်တန့်တာမျိုး မလုပ်တော့ပါ”လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပုံစာ – ရွှေပြည်သာမြို့နယ် ရပ်ကွက်ရုံးတစ်ခု (ပုံဟောင်း)