ရွှေက္ကိုလ်မြို့သစ် အပါအဝင် မြ၀တီရှိ ကျားဖြန့် လုပ်ငန်းများအားလုံး စိတ်ပူရန်မလိုဘဲ ပုံမှန်အတိုင်းလည်ပတ်လုပ်ကိုင်နိုင်ဟု စောချစ်သူ ဦးဆောင်သော BGF က အသိပေး ၊ ကရင်နှစ်သစ်ကူးပွဲတော်ကို BGF က စည်ကားသိုက်မြိုက်စွာ ကျင်းပပေးမည်ဖြစ်၍ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်

ရွှေက္ကိုလ်မြို့သစ် အပါအဝင် မြ၀တီရှိ ကျားဖြန့် လုပ်ငန်းများအားလုံး စိတ်ပူရန်မလိုဘဲ ပုံမှန်အတိုင်းလည်ပတ်လုပ်ကိုင်နိုင်ဟု စောချစ်သူ ဦးဆောင်သော BGF က အသိပေး ၊ ကရင်နှစ်သစ်ကူးပွဲတော်ကို BGF က စည်ကားသိုက်မြိုက်စွာ ကျင်းပပေးမည်ဖြစ်၍ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်
ရန်ကုန်၊ အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ KK Park တွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ရွှေက္ကိုလ်မြို့သစ် အပါအဝင် မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့် လုပ်ငန်းစင်တာများအနေဖြင့် စိတ်ပူရန်မလိုဘဲ ပုံမှန်အတိုင်း လုပ်ငန်းများ လည်ပတ်လုပ်ကိုင်နိုင်သည်ဟု စစ်တပ်လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF က တရားဝင် အသိပေးလာကြောင်း ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာများထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်ပြီး မြ၀တီမြို့နယ်ရှိ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းခြင်း၊ စစ်တပ်လက်အောက်ခံ BGF က ကျားဖြန့်လုပ်ကိုင်သူများကို နှင်လွှတ်ခြင်း၊ ခေါ်ထုတ်သွားခြင်းများ လုပ်ဆောင်ခြင်း၊ BGF က ကျားဖြန့် KK Park အတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်လာခြင်းကြောင့် ရွှေက္ကိုလ် အပါအဝင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသော စင်တာများတွင် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် ကျားဖြန့် လုပ်ငန်းများကို အဓိက ဦးစီး လုပ်ကိုင် အကာအကွယ်ပေးနေသော BGF တပ်ဖွဲ့ကို ကျားဖြန့် လုပ်ငန်းရှင် တရုတ်များ၊ ကျားဖြန့်လုပ်ငန်းများမှ မြန်မာနိုင်ငံသားများက ဆက်သွယ်မေးမြန်းရာတွင် BGF က စိုးရိမ်ပူပန်ရန်မလိုသော ပုံမှန်အတိုင်း ကျားဖြန့် လုပ်ငန်းများ လည်ပတ်လုပ်ကိုင်နိုင်ကြောင်း၊ ထို့ပြင် လာမည့် ဒီဇင်ဘာလတွင် ကရင်နှစ်သစ်ကူးပွဲတော်ကိုပါ စည်ကားသိုက်မြိုက်စွာ BGF က ဦးဆောင် ကျင်းပမည်ဖြစ်၍ ပါဝင် ဆင်နွှဲရန်ပါ ဖိတ်ခေါ်သည်ဟု တရားဝင် အသိပေးလာကြောင်း သိရှိရသည်။
“BGF ဘက်ကနေ ရွှေက္ကိုလ်ထဲမှာရှိတဲ့ လုပ်ငန်းတွေအားလုံးကို ဘာမှ စိုးရိမ်စရာမလိုဘူး။ ပုံမှန်အတိုင်း လုပ်ငန်း လည်ပတ်လုပ်ကိုင်နိုင်တယ်။ သူတို့အနေနဲ့ ဆက်လက်ပြီး အကာအကွယ်ပေးနေမှာဖြစ်တယ်။ ကရင်နှစ်သစ်ကူးပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်လို့ ပါဝင် ဆင်နွှဲဖို့ ဖိတ်ခေါ် တယ်ဆိုပြီး အသိပေးလာပါတယ်။ သူတို့က မစိုးရိမ်နဲ့ ပြောပေမယ့် စိုးရိမ်မှုကတော့ရှိနေကြတယ်” ဟု ရွှေက္ကိုလ်မြို့သစ်အတွင်း ကျားဖြန့်လုပ်ငန်းတွင် ဦးစီးလုပ်ကိုင်နေသော မြန်မာနိုင်ငံသား ကြီးကြပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။
လတ်တလော BGF က ဦးစီးလုပ်ကိုင်နေသော ရွှေက္ကိုလ်မြို့သစ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှာ ပုံမှန်အတိုင်း လုပ်ငန်း လုပ်ကိုင်လည်ပတ်နေသည့်အပြင် KK Park မှ ပြောင်းရွှေ့လာသော တရုတ်သူဌေးတစ်ချို့မှာ ရွှေက္ကိုလ်ရှိ အဆောက် အအုံသစ်တချို့တွင် လုပ်ငန်းများ ပြန်လည် စတင်နေကြောင်း ၊ မြ၀တီ မြို့နယ်အတွင်းရှိ DKBA ၊ PC လက်အောက်ရှိ ကျားဖြန့်လုပ်ငန်းများမှာလည်း ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ရွှေကုက္ကိုလ် ၊ဝမ်ခဆိုက် နဲ့ မြဝတီ မြို့ မှာရှိတဲ့ BGF၊ DKBA ၊ PC ဂိတ်ဝင်း တွေ နဲ့ မြ၀တီမြို့ အမှတ်၅ ရပ်ကွက်၊ အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက် အပါအဝင် မြ၀တီတစ်မြို့လုံးမှာရှိတဲ့ ကျားဖြန့် စင်တာတွေ၊ မြ၀တီမြို့မြို့ပြင်မှာရှိတဲ့ မေတ္တာလင်းမြိုင် ၊မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ ၊ဖလူးကြီး၊ ဖလူးလေး၊ AA Park ၊ ဧကတစ်ရာဆိုက်။ နောက်ပြီးရင် ဆုံဆည်းမြိုင် ၊ကျောက်ခက် DKBA ဌာနချုပ်ဘက်မှာရှိတဲ့ ကျာန်းဖြန့်တွေ ၊ ဝေါလေဘက် မှာရှိတဲ့ DKBA ဖိုးရွှေဝ ဂွင်တွေ အကုန်ပုံမှန်အတိုင်းလည်ပတ်နေပါတယ်။ အဆုံး စွန် KK Park တောင်မှ အခုဖြစ်နေတာ အကုန်လုံးမဟုတ်ဘူး။ ဆိုက်ကြီးထဲက ဆိုက်အသေး ၁၊ ၂ ၊ ၃၊ ၄၊ ၅ အခွဲ နေရာ လေး တွေ ကို ရှင်း လင်းတာ၊ ကျန်တာတွေအကုန် ပုံမှန်အတိုင်းလည်ပတ်နေတယ်” ဟု မြ၀တီမြို့ အခြေစိုက် ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က KK Park မှ ကျားဖြန့် တရုတ်သူဌေးများ၊ အွန်လိုင်း နည်းပညာဆိုင်ရာ ပညာရှင်များ အပါအဝင် အရေးပါသူများကို ခေါ်ထုတ်သွားပြီး တချို့မှာ ရွှေက္ကိုလ်တွင် ရောက်ရှိကာ တချို့မှာမူ BGF က အထူးစီစဉ်ပေးထားသော နေရာများတွင် ယာယီခိုလှုံနေကြကြောင်း သိရှိရသည်။
KK Park မှ ကျားဖြန့် တရုတ်သူဌေး များအပါအဝင် အရေးပါသူများကို BGF က အထူးအစီအစဉ်ဖြင့် ရွှေ့ပြောင်းပေးရာတွင် မြ၀တီ ၂၇၅ ဂိတ်၊ သင်္ဃန်းညီနောင်ဂိတ်၊ ကော့ကရိတ် ၉ တိုင်ဂိတ်၊ ကျုံဒိုးဂိတ် အပါအဝင် စစ်တပ်ဂိတ်များကို စစ်တပ်က လမ်းကြောင်းဖွင့်ပေးထားခဲ့ကြောင်း သိရှိရသည်။
KK Park မှာ BGF က အဓိက လုံခြုံရေးယူ တာဝန်ယူ တည်ဆောက်ထားသော အွန်လိုင်းကျားဖြန့်စင်တာတစ်ခုဖြစ်ပြီး မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့် လုပ် ငန်းများအားလုံးကို BGF က ဆက်ကြေးကောက်ကာ အကာအကွယ်ပေးထားခြင်းဖြစ်သည်။