DKBA ဂိတ်ကို ရေးဘီလူး ဝင်တိုက်၊ အလည်လာသည့် မိန်းကလေးအပါအဝင် ၅ ဦးသေဆုံးပြီး ဂိတ်မှူး လက်ပြတ်သွားဟုဆို
27 Oct 2025 By Hsu Yee/MPA
မွန်ပြည်နယ် ၊ ရေးမြို့နယ်ရှိ DKBA ဂိတ်ကို ရေးဘီလူး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အလည်လာသည့် မိန်းကလေးတစ်ဦး အပါအဝင် ၅ ဦးသေဆုံးကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက်ပိုင်းတွင် ရေး-သံဖြူဇရပ်ကားလမ်း ၊ နှင်းစုံရွာအဝင်ရှိ ဂိတ်မှူး သိန်းတန်ဦးဆောင်သည့် DKBA ဂိတ်ကို ရေးဘီလူးတပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းဂိတ်သို့ အလည်လာသည့် နှင်းစုံရွာမှ မိန်းကလေးတစ်ဦးနှင့် DKBA တပ်သား ၄ ဦးသေဆုံးခဲ့ပြီး DKBA တပ်သား ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးတပ်ရင်းထံက သိရသည်။
“ဝယ်ယဟိုင်းကို စစ်ကြောင်းထိုးတုန်းကပါလာတဲ့ ခွေးပူးပေါင်း DKBA ကို သူတို့ရှိတဲ့ နေရာထိ ဝင်တိုက်တာပါ။ သူတို့ဘက်ခြမ်းက ပြန်ပစ်တာတွေလည်းရှိတယ်။ ဆိုတော့ ကျနော်တို့ဘက် ကနေပြီးတော့ အမြန်ပဲ မစ်ရှင်ဝင်လုပ်ခဲ့တယ်ပေါ့။၅ဦးလောက် သေတယ်။အဲဒီ့ထဲမှာ ရွာက ကလေးမ တစ်ယောက်ကလည်း အလည်သွားရင်း သေတဲ့ထဲပါတယ်။ဒဏ်ရာရ၄ဦးလောက်ရှိမယ်။ဂိတ်မှူး သိန်းတန်ကတော့ လက်ပြတ်သွားပါပြီ”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
နှင်းစုံဂိတ်ရှိ သိန်းတန်ဦးဆောင်သည့် DKBA တပ်သားများသည် အောက်တိုဘာ ဒုတိယပတ်အတွင်း ဝယ်ယဟိုင်းရွာသို့ စစ်တပ် စစ်ကြောင်းထိုးစဉ် ပါဝင်ခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်းနှင့် အမျိုးသမီးများအား လည်ပင်းကို ဓားဖြင့်ထောက်ကာ နှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“DKBA ချည်းပဲ အဲ့ဂိတ်မှာ မရှိဘူးဆို ၃၀ ဝန်းကျင်လောက်ရှိမယ်။ သူ့ရဲ့မနီးမဝေး မီတာ ၂၀၀ လောက်မှာလည်း စကစက အင်အား ၃၀ လောက်ရှိတယ်။ဘာလို့လဲဆိုတော့ သူတို့က လက်နက်ကြီး အထိုင်တွေ ဘာတွေအကုန်ရှိတယ်၊ အဲ့ဒီ့ဂွင်ထဲမှာ။သူတို့က ဂိတ်မဟုတ်ဘဲ လုံးဝစစ်တပ်တစ်တပ်လို နေထိုင်နေတာ။ အထဲမှာသူတို့ မိသားစုဝင်တွေနေဖို့ နောက်တစ်ခုက စစ်သားတွေနေထိုင်ဖို့အတွက် ရှိတယ်။တပ်ရင်းတစ်ရင်းလိုမျိုးဖြစ်နေတာ သူတို့အင်အားကတော့ များတယ်ဗျ”ဟု၎င်းက ဆက်လက်ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် နာရေးကားများဖြင့် ဒဏ်ရာရသူများကို လာသယ်သွားပြီး မော့ကနင် အခြေစိုက် ခလရ ၁၀၆ မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ရေးဘီလူးတပ်ရင်းမှ ရဲဘော်တစ်ဦး လက်မောင်း ရှပ်မှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
DKBA ဘက်က သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ပုံစာ-တိုက်ပွဲဝင် ရေးဘီလူး(ပုံဟောင်း)