ရည်းစားနဲ့စကားများပြီး ရွှေဂုံတိုင်တံတားအဆင်း ကားလမ်းမပေါ် လှဲအိပ်ခဲ့တဲ့ ကောင်မလေး ကားကြိတ်ခံရပြီးသေဆုံး
အောက်တိုဘာ ၂၂၊ ၂၀၂၅
GG (VOM)






ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်ဂုံးတံတားအဆင်းမှာ ကားလမ်းမပေါ် လှဲချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ အမျိုးသမီးတယောက် ကားတက်ကြိတ်ခံရပြီး သေဆုံးမှု အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသူက
“ကိုယ့်ရှေ့တင်ဖြစ်သွားတာပါ။ နှစ်ယောက်သား ခရီးကပြန်လာပုံ ရတယ်။ ကားရပ်ပြီး ရန်တွေဖြစ် နေကြတာ။ နောက်ဆုံး ကောင်လေးက ကောင်မလေးကို သူ့အိတ်တွေနဲ့ထားခဲ့ပြီး ကား မောင်းထွက်သွားတော့ ကောင်မလေးက စိတ်ထိခိုက်သွားပုံရတယ်။ တံတားအဆင်း လမ်းမအလယ်မှာ လှဲချလိုက်တာမှာ တံတားပေါ်ကအရှိန်နဲ့ဆင်းလာတဲ့ကားက တက်ကြိတ်သွား တာ။ ဘေးကလူတွေအော်ဟစ်ပြီး သွားဆွဲဖို့လုပ်ကြပါသေးတယ်၊ ရုံးဆင်းချိန် ကားတွေအရမ်းဖြတ်နေတာရော ခဏလေးအတွင်းဖြစ်သွားတာ ကြောင့်ရော မမှီလိုက်ဘူး။” လို့ ပြောပါတယ် ။
ကားတက်ကြိတ်ခံရပြီး သေဆုံးသွားတဲ့ ကောင်မလေးက အသက် ၂၃ နှစ်အရွယ် မ—ဆိုသူဖြစ်ပြီး မင်္ဂလာဒုံမြို့နယ် ၊ စွယ်တော်အိမ်ရာမှာနေထိုင်သူဖြစ်ကြောင်း၊ မိသားစုနဲ့အဆက်အသွယ်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။
” ကားကြိတ်ခံရတဲ့အနားမှာ သူရဲ့ ခရီးဆောင်အိတ်တွေလည်းတွေ့တယ်။ ကောင်မလေးက ကလောကနေ ပြန်ရောက်လာလာချင်းအိမ်တောင်မရောက်လောက်သေးဘူးထင်တယ်။ ကလောကပြန်လာတဲ့အဝတ်အစားနဲ့ပဲဆိုတော့လေ။သူ့အကောင့်မှာလည်းတင်ထားတယ်။ ရည်းစားအတွက်နဲ့များ ကိုယ့်အသက်ကို စတေးရတယ်လို့ အတွေးတွေမှားသွားတာပေါ့။ခုမှအသက်ငယ်ငယ်လေးကို မိဘတွေရင်ကျိုးပြီလေ။ကလေးမလေးက ဖြူဖြူချောချောလေး။ကားကတက်ကြိတ်တာပေါင်ရိုးဖြတ်ကျိုးတယ်သိရတယ်။” လို့ ဖြစ်စဥ်သိရှိသူ တယောက်ကပြောပါတယ်။
မလင်းပြည့်အိမ်ရဲ့ ရုပ်အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း ၊ ကားကတော့ လူကို ဝင်တိုက်ပြီး မောင်းပြေးသွားတာကြောင့် ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းကလည်း ဆိုင်သိမ်းပြန်လာတဲ့ကားက တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ် နဲ့ ၉ ရပ်ကွက် ၊ ကျော်သူ ၂၅ လမ်းထိပ်အရောက်မှာ ဓာတ်တိုက်ဝင်တိုက်မိပြီး ကားပေါ်ပါသူ ၁၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
အလားတူ အဲဒီနေ့ မနက်ပိုင်းကပဲ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၃)၊ ဦးရွှေဘင်လမ်းနှင့် ဦးရွှေအိုးလမ်းထောင့်မှာလည်း ယာဉ်တိုက်မှုဖြစ်ပြီးအမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မနက်ပိုင်းကလည်း
ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမမှာ ယာဥ်သုံးစီးဆင့်တိုက် မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်ကလည်း ရန်ကုန်၊ ပြည်လမ်းမပေါ်မှာ ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွါးခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – မေတ္တာအလင်း