နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များကို ဖမ်းဆီးရန်အတွက် စစ်တပ်က PSMS Application ကို အဆင့်မြှင့်တင်နေပြီး အမည်ပျက်စာရင်းသွင်းထားသူ အရေအတွက် ထပ်တိုး၊ လျှို့ဝှက်ရုံးစာများ ပေါက်ကြားမှုကို အလွယ်တကူ စိစစ်ဖော်ထုတ် အရေးယူနိုင်သည့်စနစ် လုပ်ဆောင်ရန် ညွှန်ကြား




ရန်ကုန်၊ အောက်တိုဘာ ၂၂
အကြမ်းဖက် စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များနှင့် စစ်ပြေးရဲပြေး ဖမ်းဆီးနိုင်ရေးအတွက် Person Scrutinization and Monitoring System (PSMS) Application ကို အဆင့်မြှင့်တင်ပြီး အမည်ပျက်စာရင်း သွင်းထားသူများ၏ အရေအတွက်ကိုလည်း ထပ်တိုးတိုးရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရှိရသည်။
မင်းအောင်လှိုင် ခေါင်းဆောင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက လူမှုကွန်ရက်စောင့်ကြည့်မှုနှင့်စီမံခန့်ခွဲမှုစနစ် Person Scrutinization and Monitoring System (PSMS) Application ကို လုံခြုံရေးအဆင့်မြှင့်တင်ခြင်း၊ အမည်မည်းစာရင်းများ ထပ်တိုးခြင်းကို ယခု အောက်တိုဘာလအတွင်း လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း၊ အဆိုပါ ညွှန်ကြားချက်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ရဲတပ်ဖွဲ့က အကောင်အထည်ဖော်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က အကောင်အထည်ဖော်နေသော Person Scrutinization and Monitoring System (PSMS) Application တွင် ကနဦး လူဦးရေ ၅၀၀၀၀ ကျော်ကို ကနဦး ထည့်သွင်းခဲ့ပြီး ယခုအခါ အရေအတွက် တိုးမြှင့်လာခြင်းဖြစ်သည်။
ရုရှားက အဓိက တာဝန်ယူရေးဆွဲပေးသော PSMS Application ကို စစ်ကောင် စီက ရေးဆွဲထုတ်လုပ်လိုက်ပြီး အဆိုပါ Application မှာ စစ်တပ်၊ ရဲနှင့် လ၀ကများ သီးသန့်အသုံးပြု စစ်ဆေးရန်သာဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်၊ မြို့အဝင်အထွက်ဂိတ်များနှင့်ကားဂိတ်များရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်၊ ရဲနှင့် လ၀ကများထံသို့ Application များ ချထားပေးကြောင်း၊ အဆိုပါ Application ကို ဝင်ရောက်ရန် Key နှင့် Password များကို စစ်ကောင်စီက တင်းကျပ်စိစစ်စွာ ချထားပေးပြီး PSMS Application အတွင်းရှိ အချက် အလက်များကို နေပြည်တော်က တိုက်ရိုက်ထိန်းချုပ်ထားကြောင်း၊ ယင်း PSMS Application ထဲတွင် စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူ၊ CDM များနှင့် စစ်ပြေးရဲပြေးများကို အဓိက ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက လုံခြုံရေး စစ်ဆေးရန် သီးသန့် ထုတ်လုပ်ထားသော PSMS Application ကို ၎င်းတို့ အသိ အမှတ် ပြုထားသည့် ဖုန်း၊ ကွန်ပျူတာများတွင်သာ Download လုပ်နိုင်ပြီး အခြားကွန်ပျူတာနှင့်ဖုန်းများက ကူးယူခြင်း မပြုနိုင်ဘဲ လုံခြုံရေး အဆင့်မြင့်ကြောင်း၊ လတ်တလော စစ်ကောင်စီက အလိုရှိနေသော လူ ၅ သောင်း၏ ကိုယ်ရေးအချက်အလက်ကို ငယ်စာရင်း ဖိုင် ၉ ဖြင့် Black List အမည်ပျက်စာရင်းဖိုင်ဟု အမည်ပေးထားကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်က ထုတ်ပြန်ညွှန်ကြားနေသော လျှို့ဝှက်ရုံးစာများကို Khit Thit သတင်းဌာန အပါအဝင် လူမှုကွန်ရက်သို့ ပေါက်ကြားနေမှုများနှင့်ပတ် သက်၍ လွယ်ကူစွာ စစ်ဆေးဖော်ထုတ်နိုင်သော စနစ်ကို လည်း ပြည်ထဲရေးဝန်ကြီးဌာန ဦးဆောင်၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။
“အခု ရုံးစာတွေမှာ ဌာနတွေကို ပေးပို့တဲ့အခါ မမြင်နိုင်တဲ့ လျှို့ဝှက်ကုတ်တွေ၊ ဂဏန်းတွေ ထည့်သွင်းဖို့ လုပ်နေတာရှိတယ်။ တကယ်လို့ ရုံးစာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်နေ ပေါက်ရင် အဲဒီ မမြင်နိုင်တဲ့ လျှို့ဝှက်ကုတ်၊ ဂဏန်းတွေကို ဖော်ပြီး ဘယ်ဌာနက ပြန့်တာလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့ လုပ်နေတာတွေရှိတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်နှင့်ဌာနဆိုင်ရာ သတင်းများ ပေါက်ကြားမှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဖော်ထုတ် အရေးယူရန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက ညွှန်ကြားခဲ့သော်လည်း ယနေ့အချိန်အထိ ယင်းသို့ ပေါက်ကြားမှုများကို စစ်တပ်က ထိရောက်စွာ တားဆီးနိုင်ခြင်းမရှိသေးကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရှိရသည်။