စစ်တောင်းမြစ်အရှေ့ခြမ်းတိုက်ပွဲ စစ်ကော်မရှင်တပ်ရင်းမှူးအပါ ၁၅ ဦး သေဆုံး
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၅
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် အထိုင် စခန်းချထားသော စစ်တပ်အား နေပြည်တော်တိုင်းစစ်ဌာနလက်အောက် တပ်ရင်းများစုဖွဲ့ထားသည့် ဗျူဟာစစ်ကြောင်းဖြင့် ယမန်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအဝင် ၁၅ ဦး ကျဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်း ထုတ်ပြန်သည်။
တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ ကျဆုံးသွားသော တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီး ညီညီနိုင် (လေကြောင်းရန်ကာကွယ်ရေးတပ်/လကတ-၂၀၂၉)ဖြစ်ပြီး ရွာသစ်ကျေးရွာ အထိုင်စခန်းနှင့် ကျေးရွာတွင်းရှိ စစ်ကော်မရှင်တပ်၏ ကင်းစခန်းများအားလုံးကိုလည်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့ပြင် ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး ၁ လုံး၊ MA-11 ၁ လက်၊ MA-3 ၁ လက်၊ G3 ၃ လက်၊ ၆၀မမ ၁လက်၊ ပစ္စတို ၁ လက်၊ ၆၀မမကျည် ၅လုံး ကျည်ဘောက် ၁၀ခု၊ကျည်မျိုးစုံ ၁၀၀၀ခန့်နှင့် မီးစက် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်တပ်ဘက်မှ စစ်ကူအင်အားများဖြည့်၍ ပြန်လည်တိုးဝင်လာသောကြောင့် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေရာ စစ်တောင်းမြစ်ကမ်း ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန်လည်း အသိပေးထားသည်။
ဓာတ်ပုံ-Nay Pyi Taw-PDF