 
မင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်နေမှုများကို သူကိုယ်တိုင် လုပ်နေဟု ထုတ်ပြော၊ မဲဆွယ်စည်းရုံးရေးအတွင်း စစ်တပ်ကို ဝေဖန်တိုက်ခိုက်လျှင် အမတ်လောင်းအဖြစ်မှ ပယ်ဖျက်နိုင်ဟု ခြိမ်းခြောက်
ရန်ကုန်၊ အောက်တိုဘာ ၁၇
အကြမ်းဖက် မင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်နေမှုများကို သူကိုယ်တိုင် လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ ပြုလုပ်သည့် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန်  စာရင်းပေးထားသူ စုစုပေါင်း ၅၇ ပါတီရှိပြီး ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်တွင်လည်း အတန်းပညာနှင့်ပတ်သက်၍ လည်းကောင်း၊ အခြားကိစ္စရပ်များနှင့်လည်း ကောင်း ငြိစွန်းနေသူများတွေ့ရကြောင်း မင်းအောင်လှိုင်က သူကိုယ်တိုင် ကိုယ်စားလှယ်လောင်းများကို စိစစ်သည့် အခြေအနေများကို ထုတ်ဖော်ပြောဆိုထားသည်။
“ရွေးကောက်ပွဲအတွက် စာရင်းပေးထားတာ ၅၇ ပါတီ ရှိပါတယ်။ တစ်နိုင်ငံလုံး ဝင်ပြိုင်မယ့် ၆ ပါတီ ။ ပြည်နယ်/တိုင်းဒေသကြီးတွေမှာ ဝင်ပြိုင်မှာက ၅၁ ပါတီ ရှိပါတယ။ စိစစ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနဆီကို ရောက်ရှိလာတဲ့စာရင်းကို ကြည့်တဲ့အခါမှာတော့ ကိုယ်စားလှယလောင်း ၅၀၀၀ ကျော်ရှိပါတယ်။ အဲဒီအထဲက တချို့ဟာတွေလည်း အကြမ်းဖျဉ်း ကြည့်တဲ့အခါမှာ အတန်း ပညာနဲ့ပတ်သက်တာ အခြားကိစ္စရပ်တွေနဲ့ ငြိစွန်းတာ တွေ့တဲ့အခါကျတော့ တချို့ဟာတွေလည်း အပြောင်းအလဲတော့  ရှိနိုင်ပါလိမ့်မယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံ ရေးပါတီများကို အောက်တိုဘာလ ၂၈ ရက်နေ့မှစတင်၍ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့်ပြုလိုက်ပြီး မဲဆွယ်စည်းရုံးရမည့် ပါတီများအနေဖြင့် စစ်တပ်ကို ဝေဖန်တိုက်ခိုက်မှုများ မလုပ်ရန်ဆိုသော စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောဆိုသည်။
“မဲဆွယ်စည်းရုံးမှုတွေမှာ တပ်မတော်ကို မဝေဖန်ရဘူးဆိုတာ ဒီမြို့နယ်ကော်မရှင်ဘက်က ခေါ်ယူ အသိပေးတယ်။ ဒီစည်းကမ်းချက်ကို ငြိစွန်းရင် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်နိုင်တယ်လို့ ပြောတယ်” ဟု တသီးပုဂ္ဂလ ရွေးကောက်ပွဲဝင်ပြိုင်မည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းက ရှင်းပြသည်။
ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအနေဖြင့် လာမည့် အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ကြာမဲဆွယ်စည်းရုံးနိုင်ပြီး မဲဆွယ်စည်းရုံးရာတွင် စက်တင်ဘာလ ၂၅ ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အချက် ၉ ချက်ပါ ညွှန်ကြားချက်ကို
လိုက် နာရမည်ဖြစ်ကြောင်း၊ အဆိုပါ ညွှန်ကြားချက်တွင် စစ်တပ်ကို ဝေဖန်တိုက်ခိုက်ခြင်းမပြုရဆိုသော အချက်ပါဝင်ကြောင်း သိရှိရသည်။
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ မဲဆွယ်ဟောပြောစည်းရုံးရာတွင် စစ်တပ် ပြိုကွဲရေးနှင့် စစ်တပ်၏ ဂုဏ်သိက္ခာ ထိခိုက်စေမှုများ မလုပ် ဆောင်ရန် နှင့် လိုက်နာရမည့် အချက် ၉ ချက်ကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ထုတ် ပြန်သည်။
အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအတွက်  မဲဆွယ်စည်းရုံး ဟောပြောတင်ပြခွင့်အတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ခဲ့ရာတွင်  နိုင်ငံရေးပါတီများအနေဖြင့် ဟောပြောတင်ပြရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှုများ မပြုလုပ်ရန်၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှုများ မပြုလုပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိသော ဟောပြောမှုများ မပြုလုပ်ရန်၊ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန်ဟောပြောမှုများ မပြုလုပ်ရန် တို့ တားမြစ်ထားသည်။
ထို့ပြင်စစ်တပ်ပြိုကွဲရေး ဖြစ်ပေါ်စေရန် သို့မဟုတ် စစ်တပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောခြင်းမပြုလုပ်ရန်၊ လူမျိုးရေး၊ ဘာသာရေး နှင့် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် ၊ သိက္ခာနှင့် ကိုယ်ကျင့်တရား ထိခိုက်စေနိုင်သည့် ဟောပြောမှု ၊ စည်းရုံးလှုံ့ဆော်ခြင်း မပြုလုပ်ရန်၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုသော ဟောပြောမှုများ မပြုလုပ်ရန်၊ ပညာသင်ကြားခြင်းကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောမှုများ မပြုလုပ်ရန်၊ နိုင်ငံ့ဝန် ထမ်းများ ယင်းတို့၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရကို ဆန့်ကျင် ဆန္ဒပြစေရန် သွေးထိုး လှုံ့ဆော်ဟောပြောမှုများ မပြုလုပ်ရန် တားမြစ်ထားသည်။
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ၏ ဟောပြော စည်းရုံးမှု စာမူများကို စိစစ်မည်ဖြစ်ပြီး ပြင်ဆင်ရေးသားစေခြင်း၊ ခွင့်ပြုမိန့် ထုတ်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။