ဖယ်ခုံမှာ စစ်ကောင်စီတပ် စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရ
▪️စစ်ကြောင်းမှူးအပါအဝင် သေဆုံးသူများဟုဆို
အောက်တိုဘာ-၁၆ ၊ ၂၀၂၅။ရဲခေါင် /People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။
အောက်တိုဘာ ၁၄ရက် ညနေပိုင်းတိုက်ပွဲမှာ မြောက်စလုံးရွာဘက်ကနေ တောင်စလုံးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တပ်တွေ စစ်ကြောင်းထိုးလာတာကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကြောင်းနှစ်ခုနဲ့ တက်လာတာ။အင်အား ၈၀ နဲ့ ၁၀၀လောက်ရှိတယ်။သေတာရော၊ ထိခိုက်တာရော ၆၀ လောက်ရှိတယ်”လို့ ရှမ်းတောင်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းပျက်သွားပြီး ပြန်ဆုတ်သွားတာ မှန်တယ်လို့ တောင်စလုံးတိုက်ပွဲ မြေပြင်မှာ ရဲဘော်တစ်ဦးက လူထုနွေဦးကို အတည်ပြုပါတယ်။
“သူတို့အထိနာပြီးပြန်ဆုတ်သွားပါတယ်။ကျန်တဲ့အပိုင်းကတော့ စစ်ရေးအခြေနေအရပြောပြခွင့်မရသေးဘူး”လို့ သူက ပြောပါတယ်။
ပအိုးအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် PNDF KK ရဲဘော်တစ်ဦးကလည်း “ဒီကောင်တွေ နှစ်ခါလောက်ရှိပြီ ထိနေတာ” လို့ တောင်စလုံးရွာတိုင်ပွဲနဲ့ပတ်သက်ပြီး ပြောပါတယ်။
ရှမ်းနဲ့ ကရင်နီပြည်ဘက်မှာ စစ်ကောင်စီအတွက် ပုံမှန်ဝါဒဖြန့်ပေးနေတဲ့ ရှမ်း-ကယား ဟစ်တိုင် အမည်နဲ့ လူမှုကွန်ယက်ကနေလည်း တောင်စလုံးရွာတိုက်ပွဲမှာ စစ်အုပ်စုအထိနာခဲ့တယ်ဆိုတဲ့အကြောင်း အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းက ဖော်ပြထားပါတယ်။
“လုပ်သင့်တာကိုလုပ်ပါ။ မလုပ်သင့်တာကို မလုပ်ပါနဲ့။ မိမိဖက်ကခံလိုက်ရရင်အများကြီးနစ်နာတယ် ။ တင်ပြမှုတိုင်းကိုအလေး ထားဆောင်ရွက်ပေးပါ။ ကြားရတဲ့သတင်းက (လုံးဝ) လုံးဝမကောင်းဘူး ။အဲ့လောက်ထိဖြစ်မယ် မထင်ထားဘူး ။အခုတော့ခံလိုက်ရပြီ။ အများကြီးအရာရှိတွေ စစ်ကြောင်းမှူးပါကျတယ်။ရပခရဲ့ လုပ်ဆောင်ချက်က မှားနေတယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကြောင်းပျက်သွားတဲ့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းပစ်ကူရယူခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်က အသိပေးပါတယ်။
“ပထွေးကို ဖအေတော်ထားတဲ့ PNO တွေဆို ခွေးပြေး၊ဝက်ပြေးပဲ။သေတာလည်း ဒီကောင်တွေများတယ်။စကစက မြေပြင်စစ်ကြောင်းဦးစီးတာပေါ့။PNOက ဝါဒ မှိုင်းတိုက်ခံထားရတဲ့ ပအိုဝ်းလူငယ်တွေက အရင်သေကြရတာ”လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO စစ်ကြောင်းထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ ရှမ်းတောင်နဲ့ ကရင်နီ တပ်ဖွဲ့တာဝန်ရှိသူတွေဆီ လူထုနွေဦးက မေးမြန်းဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က တောင်မဲသင်း မြောက်စလုံးနဲ့ ဘောရန် ရွာတွေကို အခုလဆန်းပိုင်းက စစ်ကောင်စီနဲ့ PNOတပ်က ထိုးစစ်ဆင်ခဲ့ပြီး ဒေသခံပြည်သူနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ ရုပ်သံမှတ်တမ်းအချို့ လည်း ထွက်ပေါ်နေပါတယ်။
အောက်တိုဘာ ၆ ရက်၊၇ ရက်နဲ့ ၉ရက်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက လွိုင်လင်လေးမြို့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး လက်နက်အချို့ပါရခဲ့တယ်လို့ KNDFက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
(ရှမ်းပြည်တောင်ပိုင်းအခြေစိုက် ဖယ်ခုံ PDF ရဲဘော်များ။ ဓာတ်ပုံ – ဖယ်ခုံ PDF)