ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာအနီးရှိ (၆၆၆) ပွိုင့်ကုန်းကို သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်

ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာအနီးရှိ (၆၆၆) ပွိုင့်ကုန်းကို သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်
နိရဉ္စရာ၊ အောက်တိုဘာ ၁၅/၂၀၂၅

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ)ကျေးရွာရဲ့ တောင်ဘက်၊ (၉) ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ (၆၆၆) ပွိုင့်ကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဖက်ဆစ် စစ်တပ်ရဲ့ (၆၆၆) ပွိုင့်ကုန်းကို အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၀၅) မိနစ်အချိန်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၃ နာရီခန့်အကြာမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီပွိုင့်ကုန်းနဲ့ ၎င်းပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေခဲ့တာကတော့ ကာလ အတန်ကြာခဲ့ပြီ ဖြစ်ပေမယ့် ယမန်နေ့မှ စပြီး အာရက္ခတပ်တော်မှ ထိုးစစ်အရှိန်ကို မြှင့်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
(၃) နာရီခန့် သုံးဖက်သုံးတန်ကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာ အဲဒီစခန်းကို အာရက္ခတပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
ပွိုင့် (၆၆၆) စခန်းတစ်ခုလုံး အား သိမ်းပိုက်ရယူခဲ့စဉ် အတွင်း ရန်သူ့အလောင်းအချို့၊ လက်နက် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီထိုးစစ်အတွင်း တိုက်ရည်ခိုက်ရည်ကောင်းမွန်တဲ့ အာရက္ခစစ်သည်တော်တွေနဲ့ အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရကြတဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့လည်း ဖော်ပြပါရှိပါတယ်။