“တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်နိုင်တာသာ ပြောဖို့လိုပြီး မဖြစ်နိုင်တာတွေ မပြောကြဖို့ ” မင်းအောင်လှိုင်ပြော
🟥 “ပညာရေးအတွက် သားသမီးချင်း၊ ကျောင်းသားချင်းစာနာတတ်ကြဖို့လိုပြီး ကျနော်တို့နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့” မင်းအောင်လှိုင် ဆိုပြန်
ရန်ကုန်၊ အောက်တိုဘာ ၁၅
အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ ငြိမ်း ချမ်းရေးရရှိရေး ဖြစ်နိုင်တာတွေသာ ပြောဖို့လိုပြီး မဖြစ်နိုင်တာတွေ မပြောကြပါနဲ့ လို့ ပြောဆိုလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်မှာ NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက် မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်အခမ်းအနားမှာ မင်းအောင်လှိုင်က အဲဒီလို ပြော ဆိုတာဖြစ်ပါတယ်။
သူ့အနေနဲ့ ငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးအ တွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့လည်း သဘောတူညီထားကြောင်း၊ လာမယ့် ပြည်ထောင်စုလွှတ် တော်မှာ ဆွေးနွေးရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်လာနိုင်အောင် PR စနစ်ကို အသုံးပြုထားကြောင်း၊ နိုင်ငံရေး ပြဿနာတွေကို လက်နက်ကိုင်ပြီးတော့ ဖြေရှင်းလို့မရဘဲ ဆွေးနွေးအဖြေရှာရမှာဖြစ်ကြောင်း၊ လွှတ်တော်ထဲမှာ ပြောရင် ပိုကောင်းကြောင်း မင်းအောင်လှိုင်က ဆိုပါတယ်။
“ဖြစ်နိုင်တာ ကျနော့်ဘက်က လုပ်ပေးမယ်။ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဆိုလုပ်ကြဖို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာကို လျှောက်ပြီးတော့မှ လုပ်နေလို့ မရပါဘူး။ ဦးတည်ချက်မှန်ကန်စွာ လုပ်ဖို့လိုအပ်ပါတယ်။တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ပြောတဲ့အခါမှာ နိုင်ငံရေး စင်မြင့်ဖြစ်တဲ့ လွှတ်တော်ပေါ်မှာ ပြောနိုင်တာတော့ အ ကောင်း ဆုံးဖြစ်ပါတယ်”လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
နိုင်ငံမှာ အခုလို ပြဿနာတွေ ကြုံနေရတာက ပညာရေးကြောင့်ဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ ပညာရေးအခြေအနေက မကောင်းမွန်ကြောင်း၊ ပညာရေးကို သူ့အနေနဲ့ ဦးစားပေးပြီး သားသမီးချင်း၊ ကျောင်းသားချင်း စာနာတတ်ကြဖို့ လိုကြောင်း၊ ကျောက်မဲကို ပြန်လည် ထိန်းချုပ်ပြီးနောက် ပညာရေးကို ဦးစားပေးအနေဖြင့် ကျောင်းတွေ ချက်ချင်း ဖွင့်ခိုင်းခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုပါတယ်။
တကယ်တော့ မင်းအောင်လှိုင်က တစ်နိုင်ငံလုံး စာသင်ကျောင်းတွေကို စစ်တပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသားကျောင်းသူတွေ၊ ကလေးငယ်တွေ သေဆုံးပြီး ကျောင်းတွေ အကြီးအကျယ် ပျက်စီးနေတာကိုတော့ ထည့် သွင်းပြောဆိုသွားခြင်းမရှိပါဘူး။
သူက နိဂုံးချုပ် ပြောဆိုရာမှာ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့လည်း ပြောဆို အဆုံးသတ်ပါတယ်။
“ကျနော် အလေးအနက်ပြောပါရစေ။ ကျနော်တို့ နိုင်ငံကို ဒုက္ခရောက်အောင်တော့ မလုပ်ကြဖို့ ပြောချင်ပါတယ်။ တိုင်းပြည်ကောင်းအောင် လုပ်ကြဖို့ ပူး ပေါင်းဆောင်ရွက်ပေးကြဖို့ ပြောလိုပါတယ်”လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
မင်းအောင်လှိုင်က ဒီနေ့ အခမ်းအနားမှာ ရေးလာတဲ့ စာရွက်ထဲက အကြောင်း အရာတွေ ဖတ်ပြပြီးတဲ့နောက် သူ့အနေနဲ့ နောက်ထပ် ၁၀ မိနစ်လောက် ပြောပါရစေဆိုပြီး သူ့အမြင်တွေကို ထင်ရာမြင်ရာတွေကို ထပ်မံ ပြောဆိုသွားတာလည်း ဖြစ်ပါတယ်။