နေပြည်တော်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးများ စုဖွဲ့မှုကောင်းကောင်းနှင့် အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ဗျူဟာ အမှတ်(၁၉) စတင်ဖွဲ့စည်း
အောက်တိုဘာ ၁၀၊ ၂၀၂၅



အကြမ်းဖက်စစ်ခေါင်းဆောင်တွေ အခြေချရာ နေပြည်တော်အထိ ထိုးဖောက်နိုင်ဖို့ အပါအဝင် စစ်တောင်းမြစ်ဝှမ်းဒေသ စိုးမိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး နေပြည်တော်တိုင်းစစ်ဌာနက ဗျူဟာအမှတ်(၁၉)ကို တပ်ရင်း ၄ရင်းနဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း Nay Pyi Taw PDF က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၉ရက်၊ မနေ့မနက်ပိုင်းကအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂)စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဗျူဟာအမှတ်(၁၉)ဖွဲ့စည်းခြင်းအခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားစိုးမိုးရာ စစ်တောင်မြစ်ဝှမ်း တစ်နေရာမှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တောင်းမြစ်ဝှမ်းဒေသနဲ့ နေပြည်တော် နယ်မြေအတွင်း စစ်ဆင်ရေးလှုပ်ရှားမှုတွေကို စုဖွဲ့မှုကောင်းကောင်းနဲ့ အရှိန်မြင့်လုပ်ဆောင်နိုင်ဖို့အပါအဝင် COC (Chain of Command) တွေအားကောင်းနိုင်ဖို့ ရည်ရွယ်ပြီး ဗျူဟာ အမှတ်(၁၉) ကို ဖွဲ့စည်းခဲ့တာလို့လည်း သိရပါတယ်။
“နေပြည်တော်အနီးတကြော စစ်တောင်းမြစ်ဝှမ်းဒေသစိုးမိုးနိုင်ရေးနဲ့ နေပြည်တော်အထိ ထိုးဖောက်နိုင်ရေးလုပ်ငန်းစဥ်တွေ အကောင်အထည်ဖော်နိုင်ဖို့ မဟာမိတ်များနှင့် ဆောင်ရွက်သွားဖို့ရှိပါတယ်။ စုဖွဲ့မှုအားကောင်းစွာ တိုက်ပွဲဝင်နိုင်ဖို့ ရည်ရွယ်ပါတယ် COC ပိုကောင်းလာဖို့ ဆောင်ရွက်ခြင်းပါ။” လို့ နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူ ဇင်ယော်က မောင်းကိုပြောပါတယ်။
ဗျူဟာ အမှတ် (၁၉) မှာ ကရင်နီနဲ့ နေပြည်တော် စစ်တောင်းမြစ်ဝှမ်းဒေသတွေထဲ စစ်ရေးဖော်ဆောင်မှုတွေလုပ်ဆောင်နေတဲ့ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်း (၈၀၆၊ ၈၀၇၊ ၈၀၈၊၉၀၁) တို့ ပါဝင်ပြီး ဖွဲ့စည်းနိုင်ဖို့အတွက် အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ ဗျုဟာ ၁၉ကို ဖွဲ့စည်းဖော်ဆောင်ဖို့ ပြင်ဆင်နေတာတော့ အချိန်တစ်ခုကြာခဲ့ပါပြီ။ အကောင်အထည်ကတော့ အခုမှပဲ ဖော်လိုက်တာပါ။ နေပြည်တော်တိုင်းစစ်ဌာနက အရင်ကလည်း ကရင်နီဒေသထဲ တပ်ရင်းအချို့ ကာကင်းဝိုင်းကူတာမျိုးတွေရှိခဲ့တယ်။ အဓိက စစ်ရေးလှုပ်ရှားတာကတော့ နေပြည်တော်အနီး စစ်တောင်းမြစ်ဝှမ်းဒေသပါ။” လို့ နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူ ဇင်ယော်က မောင်းကိုပြောပါတယ်။
အခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာန စစ်ရေးအရာရှိတွေ၊ ဗျူဟာ အမှတ်(၁၉) တာဝန်ရှိသူတွေ၊ ပါဝင်တဲ့ တပ်ရင်း၄ရင်းရဲ့တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေနဲ့ တာဝန်ရှိသူတွေ၊ ရဲဘော်တွေတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။