ရန်ကုန်မြို့တွင်း သွားလာသူများကို စစ်တပ်က မှတ်ပုံတင်စစ်ဆေးနေ

“ကိုယ်တွေက ရန်ကုန်ထဲပဲနေတာလေ။ ဘယ်သူကတော့ တကူးတကကြီး မှတ်ပုံတင်ဆောင်ထားမလဲ။ ဒီမြို့တွင်းထဲ သွားလာနေတာကို မှတ်ပုံတင် စစ်တယ်ဆိုတော့ နောက်တခါ အပြင်ထွက်ဖို့တောင် မလွယ်တော့ဘူး။ ကိုယ်တွေက မပါတော့ ပိုက်ဆံပေးခဲ့ရတယ်။ မှတ်ပုံတင်က ယူဖို့လိုလို့လား မေးတော့ လိုတယ်တဲ့”

စစ်ကောင်စီတပ်သားတွေက ရန်ကုန်မြို့တွင်း သွားလာသူတွေကို မှတ်ပုံတင် စစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

မှတ်ပုံတင်မပါရှိပါက ဒဏ်ကြေးအနေနဲ့ ပေးဆောင်ခိုင်းတယ်လို့ သိရပြီး အပြင်သွားလာပါက မှတ်ပုံတင်ယူဆောင်သွားဖို့ သတိပေးထားပါတယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတယောက်က “ကိုယ်တွေက ရန်ကုန်ထဲပဲနေတာလေ။ ဘယ်သူကတော့ တကူးတကကြီး မှတ်ပုံတင်ဆောင်ထားမလဲ။ ဒီမြို့တွင်းထဲ သွားလာနေတာကို မှတ်ပုံတင် စစ်တယ်ဆိုတော့ နောက်တခါ အပြင်ထွက်ဖို့တောင် မလွယ်တော့ဘူး။ ကိုယ်တွေက မပါတော့ ပိုက်ဆံပေးခဲ့ရတယ်။ မှတ်ပုံတင်က ယူဖို့လိုလို့လား မေးတော့ လိုတယ်တဲ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လုံခြုံရေးအကြောင်းပြကာ လမ်းပေါ်မှာ သွားလာနေပြီး ပြည်သူတွေဆီကနေ အကြောင်းမဲ့‌ ပိုက်ဆံတောင်းခံနေတာလည်း ဖြစ်ပါတယ်။

အခုနောက်ပိုင်း မြို့တွင်းရှိ လူစည်ကားရာ နေရာတော်တော်များများမှာ စစ်ကောင်စီတပ်သားတွေ ရှိနေပြီး လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်ကာ ငွေနဲ့ပြန်လည်ရွေးခိုင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ရွေးကောက်ပွဲနီးလာတာကြောင့် လုံခြုံ‌ရေးကို အထူးဂရုစိုက်ဖို့နဲ့ သင်္ကာမကင်းသူမှန်သမျှကို ဖမ်းဆီးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပါတယ်။

DVB TV News