ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်မှုအပေါ်ပြည်သူအချို့သံသယရှိနေ
အောက်တိုဘာ-၈၊၂၀၂၅။သတိုး၊သုည/People’s Spring



ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်တောက်ရက်
ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူတွေဟာ ဆယ်ကျော်သက်အရွယ်လူငယ်တွေဖြစ်နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့အပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။
“စကစက မိတယ်ဆိုတဲ့ တရားခံက တစ်ခုခုလွဲနေသလို ခံစားရတယ်။ အခြားမိန်းမတစ်ယောက်နဲ့ ပျော်ပါးပြီး သတ်လိုက်တဲ့ ကောင်လေးကို သူ့ကောင်မလေးက ကူညီအလောင်းဖျောက်ပေးမယ်ဆိုတာ ရိုးရိုးလေးပဲ စဥ်းစားကြည့် ဖြစ်နိုင်ပါ့မလား။ နောက်ပြီး လူတစ်ယောက်သတ်ရတာ သူတို့အတွက် အဲ့လောက် လွယ်ကူနေသလား။ ဂိမ်းအလွန်အကျွံ စွဲလန်းတယ် ဘယ်လောက်ပြောပြော ဒါက လူတစ်ယောက်ကို ဓားနဲ့သတ်ရတာလေ မလွယ်နိုင်ဘူး။ သက်သေခံဓားဆိုတာကလည်း အပိုင်းပိုင်းဖြတ်ဖို့ မဖြစ်နိုင်လောက်ဘူး။ကြက်
ကလေး၊ ဌက်ကလေးမှ မဟုတ်တာ လူ့ခန္ဓာကိုယ်လေ။” လို့ ဒီဖြစ်စဉ်အပေါ် ပြည်သူတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။
ဒါ့အပြင် ပြစ်မှူကျူးလွန်တယ်ဆိုတဲ့ လူငယ်တွေက အလောင်းကိုဖျောက်ဖျက်ခဲ့ပေမယ့် သက်သေ
ခံပစ္စည်းတွေကို မဖျောက်ပဲ စစ်ကောင်စီက ဖမ်း
ဆီးနိုင်တဲ့အချိန် သိမ်းဆည်းနိုင်ခဲ့တာ ဟုတ်ပါ့မလားလို့ သူကမေးခွန်းထုတ်ထားတာပါ။
“ဆန္ဒပြလူငယ်တွေကျ ဖူးယောင်နေအောင် ထိုး
ကြိတ်ထားတဲ့ ရဲတွေက အခုလူသတ်တရားခံကျ ဘာဒဏ်ရာမှမရှိဘဲ လွယ်လင့်တကူပဲ လက်
ထိတ်လေးခတ်ပြီး ဖမ်းလာတာလား။ မဖြစ်နိုင်တဲ့မေးခွန်းတွေက အများကြီးပဲ။ ကျွန်တော်တို့ကတော့ တရားခံရှာမတွေ့လို့ တွေ့တဲ့ကလေးတွေကို ထိုးထည့်တယ်လို့ပဲ မြင်ပါတယ်” လို့ သူ့ထင်မြင်ချက်ကိုပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ သူတွေဟာ ငယ်ရွယ်လွန်းနေတဲ့အတွက်တွေဟုတ်ပါ့မလား လို့ သံသယဝင်တယ်လို့ အခြားပြည်သူတစ်ဦးကဆိုပါတယ်။
တကယ်လို့ ဒီလူငယ်လေးတွေက သတ်ဖြတ်ခဲ့တယ်ဆိုရင်တော့ ဒီလိုရက်စက်တဲ့ သတ်ဖြတ်မှုတွေကျူးလွန်နိုင်ဖို့ လှုံ့ဆော်စေတဲ့ အရာတွေကိုရှာဖွေဖော်ထုတ် အဖြေရှာသင့်တယ်လို့ အကြံပြုထားပါတယ်။
စစ်ကောင်စီက မှုခင်းကိစ္စတွေမှာ တရားခံ အစစ်တွေကို လွှတ်ပေးပြီး အစားထိုး လေ့ရှိတာ ၊ တရားခံမမိရင် တွေ့ရာသူကိုတရားခံအဖြစ်ထိုထည့်တဲ့ဖြစ်စဉ် တွေ ရှိဖူးတာကြောင့် ပြည်သူတွေဘက်က ဒီအမှုအပေါ်အပြည့်အဝ မယုံကြည်ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုဖြစ်ရတာကစစ်ကောင်စီရဲ့ အာဏာ
သိမ်းမှု အကျိုးဆက်အနေနဲ့ မူးယစ်ဆေးတွေကို
လွတ်လွတ်လပ်လပ်အသုံးပြုခွင့်ပေးထားတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပေးထားပါတယ်။
ဒီဖြစ်စဉ်အပေါ် ဆရာဝန်တစ်ဦးကလည်း လူသတ်မှူကျူးလွန်သူကို သွေးစစ်ကြည့်ရင်
Mephedrone ၊ Methamphetamine ၊ GHB/GBL စတဲ့ ဆေးတွေ ပြည့်နေနိုင်တယ် လို့ သုံးသပ်ထားပြီး လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ Chemsex ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
စစ်ကောင်စီကတော့ရန်ကုန်မြို့ ၊ပန်းပဲတန်းမြို့နယ်
  ၃၂လမ်း က Beauty Land ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိပြီလို့ အောက်တိုဘာ ၈ ရက်မှာ  သတင်းထုတ်ပြန်ထားတာပါ။
လူသတ်မှူကျူးလွန်သူ က သာကေတ မြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၈နှစ်အရွယ် အောင်ခန့်ကျော်ဇင်ဖြစ်ပြီး ဂိမ်းအလွန်ကစားသူဖြစ်ကာ နိုင်ငံခြားဇာတ်ကားများထဲက လူသတ်အလောင်းဖျောက်သည့်  ဇာတ်ဝင်ခန်းများအတိုင်း အသင့်ယူဆောင်လာတဲ့ ဓားနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ထွက်ဆိုကြောင်း စစ်ကောင်စီကဆိုပါတယ်။
သေဆုံးသူကတော့ နတ္တလင်းမြို့နယ်က အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝင်းဖြစ်ပြီး လူသတ်မှုကျူးလွန်သူက တယ်လီဂရန်ချန်နယ်မှတစ်ဆင့် အခပေးပျော်ပါးရန် ဆက်သွယ်ကာ ဟိုတယ်ကိုခေါ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၆ ရက်က ၃၂ လမ်းမှာရှိတဲ့ Beauty Land ဟိုတယ်ရဲ့ အခန်း ၅၀၂ မှာ လူသတ်မှုဖြစ်ခဲ့တာဖြစ်ပြီး  ဝမ်းတွင်းကလီစာတွေ နဲ့ ပေါင်သားတွေ လှီးဖြတ်ခံထားရတဲ့ သေဆုံးသူကိုထည့်ထားတဲ့ကျွတ်ကျွတ်အိတ်အပြာကို အခန်း
ပြတင်းပေါက် အပြင်ဘက် အဲကွန်းOutdoor
နှစ်ခုကြားမှာ တွေ့ခဲ့တာပါ။
လူသတ်မှူကျူးလွန်သူနဲ့ အခင်းနေရာကိုရှင်းလင်းရာမှာ ပါဝင်ကူညီခဲ့တဲ့ လူသတ်မှူကျူးလွန်သူ ရဲ့ ချစ်သူကို သူတို့ရဲ့ နေအိမ်တွေမှာ အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီကဆိုပါတယ်။
“အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှူကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ ၊စတီးဓားနှစ်ချောင်း ၊ သေဆုံးသူကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်းသုံးလုံးနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။
အောင်ခန့်ကျော်ဇင်ရဲ့ ချစ်သူက အခန်းတွင်းကသွေးတွေကိုသန့်ရှင်းရေးပြုလုပ်တာ ၊ အလောင်းဖျောက်တာမှာ ပါဝင်ကူညီခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အောင်ခန့်ကျော်ဇင် ဟာလူသတ်မှုကျူးလွန်တာဟုတ်၊မဟုတ် မသိပေမယ့် သူကို ဖမ်းဆီးသွားတာ မှန်တယ်လို့ သူနေထိုင်တဲ့ ရပ်ကွက်က ဒေသခံအချို့က လူထုနွေဦးကို အတည်ပြုပေးပါတယ်။ သူ့ရဲ့မိခင်ဟာ ဆရာဝန်ဖြစ်ပြီး သူတို့မိသားစုဟာငွေကြွေးချမ်းသာတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မပါဝင်ပေမယ့် စစ်ကောင်စီထောက်ခံတဲ့ သတင်းဌာနတွေမှာတော့ လူသတ်မှူကျူးလွန်သူက အမျိုးသားကိုသတ်ရင် ပြန်ခုခံမှာစိုးတာကြောင့် အမျိုးသမီးကို ရွေးချယ်ခဲ့တာဖြစ်ပြီး လူသတ်ဖို့ဓါး၊အလောင်းထည့်ဖို့ပလတ်စတစ်အိတ်နဲ့ သွေးတွေကိုချွတ်ဖို့အစွန်းချွတ်တဲ့အက်ဆစ်ပုလင်းတွေကို အောက်တိုဘာ ၅ ရက်ကတည်းက ယူဆောင်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သေဆုံးသူရောက်ရှိလာချိန်မှာ လည်ပင်းကိုညှစ်ပြီး ရင်ဘတ်ကို ဓားနဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။အဲဒီ့နောက် ပေါင်သားတွေကိုလှီးကာ အိမ်သာထဲကိုထည့်ခဲ့ပြီး ဝမ်းဗိုက်ထဲကကလီဇာတွေကိုတော့ အိတ်နဲ့ထည့်ကာ ဗိုလ်ချုပ်လမ်းပေါ်က အမှိုက်ပုံးထဲကို ပစ်ခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီက နေအိမ်မှာဖမ်းဆီးစဉ် လူသတ်မှုကျူးလွန်ခဲ့တဲ့ ဓားကိုသိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာတော့ အဲဒီ့ဓားကို မဟာဗန္ဓုလတံတားပေါ်ကနေ ပစ်ချခဲ့တယ်လို့ရေးသားထားပါတယ်။
အဲဒီ့အပြင် လူသတ်မှုကျူးလွန်ချိန်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်တာကြောင့် အခန်းနံရံဆေးကွာသွားလို့ ဟိုတယ်ကို Check Out ပြုလုပ်ချိန်မှာ လျော်ကြေး ကိုးသောင်းပေးရတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ရေးသားထားပေမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မပါဝင်ပါဘူး။
ဖမ်းဆီးထားသူနှစ်ဦးကို စစ်အုပ်စုရဲ့ပန်းဘဲတန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လူသတ်မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားပေမယ့် ပြည်သူ အချို့ကလည်း စစ်ကောင်စီရဲ့ ထုံးစံအတိုင်း ဇာတ်ကွက်ဆင် လုပ်ကြံဖန်တီးတာတွေရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။
လူသတ်မှူကျူးလွန်တယ်ဆိုတဲ့သူတွေဟာ ၁၈ နှစ်အရွယ်တွေပေမယ့် စစ်ကောင်စီ အာဏာသိမ်းတဲ့ ကာလမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေသာရှိသေးတာကြောင့် အာဏာသိမ်းတဲ့ကာလ ဖြတ်
သန်းရတဲ့ လူငယ်တွေရဲ့ စိတ်အခြေအနေအပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က မေးခွန်းထုတ်နေကြပါတယ်။
(စစ်ကောင်စီက လူသတ်မှုကျူးလွန်သူလို့ထုတ်ပြန်ခဲ့တဲ့ လူငယ် သမီးရည်စားစုံတွဲ ။
ဓါတ်ပုံ-စစ်ကောင်စီ)