၀ိုင်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ကင်းစခန်း ၂ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်
အောက်တိုဘာ-၈၊ ၂၀၂၅။ ထားမြတ်၊လူအေး/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ တပ်စွဲရာ ကင်းစခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်က KIA သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ဦးတည်ပြီး ၀ိုင်းမော်မြို့နယ် လမြန်ရွာဘက်မှာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့ (အောက်တိုဘာ ၈ရက်) မနက်မှာတော့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
“ ဒီမနက်  ၆နာရီကနေ တိုက်ပွဲ  အကြီးအကျယ်ဖြစ်နေတာ။ ဝိုင်းမော်အထွက်ပေါ့ လမြန်ရွာဘက်မှာပဲ။ လက်ရှိ အခြေအနေလည်းတိုက်ပွဲက ပြင်းထန်နေဆဲပဲ အခုက လက်နက်ကြီးတွေ တောက်လျှောက်ထုနေတာ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဝိုင်းမော်မြို့က စစ်ရေးသတင်းရင်းမြစ်တဦးက”မနက်အစောကြီးတုန်းက တိုက်ပွဲတော်တော် ပြင်းထန်ပါတယ်။ စစ်တပ်ဖက်က လက်နက်ကြီးတွေ ညကတည်းက ပစ်တာ။ ပစ်လိုက်နားလိုက်နဲ့ ချနေတာ။ ဒီမနက်မှာတော့ စစ်တပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တို့ ပေါင်းပြီးထိုင်ထားတဲ့ စခန်းနှစ်ခုကို KIAက သိမ်းလိုက်ပါတယ်”လို့  ပြောပါတယ်။
လမြန်ရွာဟာ KIA က ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပါတယ်။ စစ်ကောင်စီက ဩဂုတ်လနှောင်းပိုင်းမှာ မြစ်ကြီးနားမြို့ကတစ်ဆင့် စစ်ကြောင်းတွေ ဝင်လာပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စက်တင်ဘာလထဲက တိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတစ်ခုကို KIA၊ KPDF ပူးပေါင်းတပ်က သိမ်းယူခဲ့ပါတယ်။
လမြန်ဒေသက စစ်ကောင်စီပူးပေါင်းတပ် တပ်စွဲရာ ကင်းစခန်း၂ခုကို သိမ်းနိုင်ခဲ့တာကို KIA သတင်းရင်မြစ်တဦးကလည်း အတည်ပြုပါတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံး အခြေအနေတွေ၊ လက်ရှိ စစ်ရေး အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။
KIA သတင်းပြန်ကြားရေးဌာနရဲ့ ပြီးခဲ့တဲ့ရက်ပိုင်း သတင်းဖော်ပြချက်မှာလည်း စစ်ကောင်စီဟာ အောက်တိုဘာ ၃ရက်နဲ့ ၄ရက်တွေမှာ  ခလရ(၅၈) တပ်ရင်းနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်တွေက  လမြန်ဒေသဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ တောက်လျှောက်လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားပါတယ်။
စက်တင်ဘာလဆန်းက ဝိုင်းမော်တိုက်ပွဲမှာ လုံခြုံရေးအဖွဲ့နဲ့အတူ ရှေ့တန်းစခန်းကို သွားရောက်စစ်ဆေးတဲ့ ခြေမြန်တပ်ရင်း ခမရ (၃၁၈) တပ်ရင်းမှူးဟာ KIA၊ KPDFရဲ့ တိုက်ခိုက်မှု ခံလိုက်ရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ခမရ (၃၁၈)တပ်ရင်းဟာ တနိုင်းမြို့မှာ အခြေစိုက်ပြီး လက်ရှိမှာ ဝိုင်းမော်မြို့နယ်ထဲကို ရောက်ရှိနေတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းက တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအချို့ကို KIA၊ KPDF က ဖမ်းမိခဲ့ပါတယ်။
အဲဒီဗိုလ်ကြီးရဲ့ နာရေး တလပြည့်ကို မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းက ပြုလုပ်ခဲ့ပါတယ်။ မြို့ခံတွေကို ဖိတ်ပေမဲ့ လာရောက်သူ နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။
”အဲဒီဗိုလ်ကြီးက သူ့အလှည့် မရောက်သေးဘဲနဲ့ ရှေ့တန်းကို အပို့ခံရတာ။ မိသားစုက စစ်တပ်ရင်းမှာတောင် မနေဘဲ အပြင်မှာ အိမ်ငှားနေတာ။ သူ့နာရေးကို အနီးပတ်ဝန်းကျင်ကတော့ မလာခဲ့ဘူး။ ကျမတို့ကိုလည်း ဖိတ်တယ်။ မသွားဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။
ယခုရက်ပိုင်း တိုက်ပွဲတွေမှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မရှိသေးဘဲ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကနေ လက်နက်ကြီးတွေ ပစ်နေတယ်လို့ သတင်းရရှိပါတယ်။ တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းမှာ လမြန်ရွာအနီးရှိ နမ့်ဝါရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်မိသားစုဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီနဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေဟာ လက်ရှိမှာ ဝိုင်းမော်မြို့နယ်အပြင် ဖားကန့်နဲ့ ဗန်းမော်မြို့မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်ကြဖို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သတိပေးထားပါတယ်။
(ဝိုင်းမော်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ KIAပူးပေါင်းတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – Myu Tsaw Kasa)