နွားထိုးကြီးတွင် စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို လေယာဉ် ဖြင့် ဗုံးကျဲသဖြင့် ကလေးများ အပါအဝင် ထိခိုက်သူများပြား၊
🟥 ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးထွန်းပွဲကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများတွင် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရသူများပြား
ရန်ကုန်၊ အောက်တိုဘာ ၈ 












မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင် သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူမှုစာနာရေးဆိုင်ရာ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းရွာရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများပြားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ကလေးငယ်တွေ အပါအဝင် ၁၀ ဦး ထက်မနည်း ဒဏ်ရာရတယ်လို့တော့ သိထားပေမယ့် ကျနော်တို့ အရေအတွက်ကို အတည်ပြုလို့မရသေးပါဘူး။ အသေးစိတ် အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေတုန်းပါပဲ။ ဗုံးကျဲ တိုက်ခိုက်သွားတဲ့ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာ တာဝန်ခံက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲချမှုအတွင်း ဒဏ်ရာရရှိသူ ၅၀ နီးပါးတွင် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရသူများပြားကြောင်း ချောင်းဦးဆရာတော်က မိန့်ကြားသည်။
“လူနာတွေကအစုံပဲ။ မြစ်အနောက်ဘက်ထိရော။  စိုးရိမ်ရသူတွေကအရှေ့ဘက်ခြမ်းတော့မရှိတော့ဘူး ။ ကိုယ်လက်စွန့်လွတ်ရသူကတော့များလိမ့်မယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။
စစ်တပ်၏ ဘုံတိုကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၂၂ ဦးသေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- အောက်တိုဘာလ ၆ ရက်နေ့ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးထွန်းပွဲ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်းများ။