ပန်းတောင်းမြို့နယ်တွင် AA သိမ်းပိုက်ထားသော ညောင်ကျိုးဗျူဟာ စစ်စခန်းကုန်းကို စစ်တပ်က ပြန်လည် သိမ်းယူရန် စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်သော်လည်း စစ်သား ၃၀ ဦးသေဆုံးပြီး ခွေးပြေးဝက်ပြေး ဆုတ်ခွာပြေး (ရုပ်/သံ)

ပန်းတောင်းမြို့နယ်တွင် AA သိမ်းပိုက်ထားသော ညောင်ကျိုးဗျူဟာ စစ်စခန်းကုန်းကို စစ်တပ်က ပြန်လည် သိမ်းယူရန် စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်သော်လည်း စစ်သား ၃၀ ဦးသေဆုံးပြီး ခွေးပြေးဝက်ပြေး ဆုတ်ခွာပြေး (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၇

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် AA သိမ်းပိုက်ထားသော ညောင်ကျိုးဗျူဟာစစ်စခန်းကုန်းကို စစ်တပ်က ပြန်လည် သိမ်းယူရန် ထိုးစစ်ဆင်လာသော်လည်း အနည်းဆုံး စစ်သား ၃၀ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ခွေးပြေးဝက်ပြေး ဆုတ်ခွာပြေးသွားကြောင်း AA က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။
ယခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ပဲခူးတိုင်း၊ပန်းတောင်းမြိုနယ်၊ဥသျှစ်ပင်မြိုနယ် အတွင်းရှိ “ညောင်ကျိုးဗျူဟာကုန်း”ကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထိုအချိန်ကတည်းက စစ်တပ်က လေကြောင်း၊ ဒရုန်းပစ်ကူအများအမြား ၊ မြေပြင်ထိုးစစ်အကြိမ်ကြိမ်ဖြင့် အဆိုပါ ဗျူဟာကုန်းကို ပြန်လည်သိမ်းပိုက်ရယူရန်ဆက်တိုက်ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုကြောင့် ညောင်ကျိုး ဗျူဟာကုန်းအပါအဝင် ဆင်လန် နှင့် လေလာတောင် တို့တွင် နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်မှ သီတင်းကျွတ်လပြည့်နေ့တွင်လည်း စစ်တပ်က “လေလာတောင်”ရှိ AA ၏ စခန်းကုန်းကို အကြမ်းဖက်စစ်ကော်မရှင်၏ စကခ ၁၀ လက်အောက်ခံတပ်ရင်းများ နှင့် အခြားသောစုပေါင်း စပ်ပေါင်းတပ်တချို့ပါဝင်သော စစ်ကြောင်း ၃ ကြောင်းက လက်နက်ကြီး၊ ဒရုန်းများ၊ Y-12 လေယာဉ်များဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း AA က ခုခံတိုက်ခိုက်ခြင်းနှင့် တန်ပြန် ထိုးစစ်ဆင်ခဲ့သဖြင့် စစ်တပ်ဘက်မှ သေဆုံးမှုများစွာဖြင့် ခွေးပြေးဝက်ပြေး ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
AA ၏ တိုက်ခိုက်မှုကြောင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် စစ်တပ်စစ်ကြောင်းက ထွက်ပြေးဆုတ်ခွာသွားချိန် စစ်တပ်ဘက်မှ ၃၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း၊ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့တွင်မူ စစ်တပ်က ဒရုန်းအားပြုတိုက်ခိုက်မှုမျိုးသာ ပြုလုပ်တော့ကြောင်း သိရှိရသည်။
“ဒီနေ့ အခြေနေက သူတို အဲ့ဒီကုန်းပတ်ဝန်းကျင်ကို လာပြီးမှ ဒရုန်းနဲ့ဗုံးကြဲတယ်၊ ထိုးစစ်ဆင်တယ် သွေးတိုးစမ်းတယ် ဒီလောက်ပဲရှိပါတယ်” ဟု AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။