မုံရွာနှင့်ချောင်းဦးအစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲနှင့်ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ၊ ခြေပြတ်လက်ပြတ်များနှင့်ခေါင်းမရှိသော ခန္ဓာကိုယ်အလောင်းတချို့ ပြန့်ကျဲ
ရန်ကုန်၊ အောက်တိုဘာ ၇ 




မုံရွာနှင့်ချောင်းဦးမြို့နယ်အစပ် တစ်နေရာတွင် သီတင်းကျွတ် မီးထွန်းပွဲနှင့် ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကြောင်း ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ် လပြည့်ည ၇ နာရီခန့်အချိန် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ဆီမီးသပိတ်ပြုလုပ်နေစဉ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ် လေထီးများဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချရာတွင် စက်တပ်လေထီးများဖြင့် အကြိမ်ကြိမ် ပျံသန်း ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၂၀ ဦးကျော်ရှိပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများတွင် ခေါင်းပြတ်၊ ကိုယ်ခန္ဓာအပိုင်းပိုင်း ပြတ်ထွက်သွားသူများလည်းရှိကြောင်း၊ အလောင်းများမှာ ယမန်နေ့ညပိုင်းအထိ မကောက်ရသေးသော အလောင်းများရှိကြောင်း သိရှိရသည်။
“အလောင်းတွေက အခုအထိ ဘယ်သူဘယ်ဝါမှန်းကိုမသိသေးပါဘူး။  တချို့ အလောင်းတွေကမကောက်ရသေးဘူး။  အခုအထိတော့ အလောင်း ၂၀ အထက် တော့ရှိမယ်။ ဒဏ်ရာရတာက ၄၀ ပတ်ချာလည်လောက်ရှိတယ်။ စက်တပ်လေထီးနဲ့ အကြိမ်ကြိမ် ဗုံးတွေ ကျဲချတာ။ သေဆုံးတဲ့အထဲမှာ  တော်လှန် ရေးရဲဘော်တချို့လည်း ပါတယ်။ ရက်စက်လွန်းပါတယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။
သေဆုံးသူများတွင် ကလေးငယ်များလည်း ပါဝင်ပြီး လက်ရှိအချိန်အထိ ယင်းနေရာကို ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး အပြိး သတ် မလုပ်နိုင်သေးကြောင်း၊ ပျောက်ဆုံးသူများလည်းရှိနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများတွင်လည်း ဒဏ်ရာ ပြင်းထန်သူများ ပါဝင်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာရှိ သီတင်းကျွတ် မီးထွန်းပွဲ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ ရပ်သားပြည်သူ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာ ၆ ရက် မနေ့ ည ၇ နာရီကျော်နဲ့ ည ၁၁ နာရီ ကျော်မှာ စက်တပ်လေထီး ခေါ် ပါရာမော်တာ paramotor ၂ စီးဟာ နမခ စစ်တပ်ထဲကနေ ပျံသန်းလာပြီး ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ လည်း သိရပါတယ်။
ဆီမီးသပိတ်မှာ ပါဝင်ခဲ့တဲ့ ဒေသခံအမျိုးသမီးတယောက်က “အကုန်သေကုန်ပါပြီဟဲ့။ ခေါင်းပြတ်တွေရော၊ ခြေပြတ်လက်ပြတ်တွေရော အများကြီး။ စက်တပ်လေထီး တစီးနဲ့ ချသွားတာ။ ဗုံးသီးက ၂ လုံးကြဲချတာ။ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘူး။ ဒေသခံတွေ ဆီမီးထွန်းပွဲလုပ်ကြတာပါ။ လူငယ်လေးတွေဆိုတော့ ဆီမီးထွန်းရင်း စစ်အာဏာရှင် မကြိုက်တာကို ဆန္ဒပြ ဆုတောင်းသပိတ်လုပ်ကြသေးနဲ့ တူပါတယ်ကွယ်။ ဆန္ဒပြဆုတောင်းလုပ်တာကို ဒီလိုကြီး ရက်ရက်စက်စက်လုပ်သွားရတယ်လို့ကွယ်။ အစ်မကြီး ရှေ့က အလံကိုင် ၃ တန်းက ကလေး အယောက် ၃၀ မှာ ၂၀ ကတော့ ကုန်သေကြတယ် ထင်ပါတယ်။ အကုန်လုံး သွေးအိုင်ဗွတ်ထဲမှာ တုံးလုံးပက်လက် လဲနေကြတာ မျက်မြင်ပါပဲ။ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ်တွေရော မြင်ခဲ့ရတာ။ အစ်မကြီးကတော့ ကံကောင်းလို့ မသေခဲ့ရတာ။ သူတို့ကနဦး ဗုံးသီးချလိုက်တာက အသေများသွားရတာ။ ကနဦး ဗုံးသီးချလိုက်တော့ အကုန်ထွက်ပြေးကုန်ကြတယ်။ ဆီမီးထွန်းပြီး ထိုင်သပိတ်လုပ်နေတဲ့အချိန်ကို ချသွားတာ”လို့ ပြောပါတယ်။
ဆီမီးပူဇော်ပွဲကို ဘုံတိုရွာအပါဝင်အနီးအနားက ကျေးရွာ ၆ ရွာက ပြည်သူများ စုပေါင်းပြုလုပ်တာ ဖြစ်ပြီး သေဆုံးသူတွေဟာ ဘုံတိုရွာအပါဝင် အနီးအနားကျေးရွာ ၆ ရွာက ပြည်သူတွေလည်း ပါဝင်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “ကြဲချတဲ့ နေရာက ဘုံတိုရွာ အရှေ့ဘက် စာသင်ကျောင်းအနီးမှာ ချသွားတာ။ ထိုင်သပိတ်ပြုလုပ်နေတဲ့ နေရာကို တည့်တည့်ကြဲချသွားတာ။ အခုမှ ကူညီကယ်ဆယ်ရေးတွေ သွားကြတုန်းရှိသေးလို့ သေဆုံး၊ အထိအခိုက်ကတော့ အတိအကျ ပြောလို့မရသေးဘူး။ သပိတ် အရှေ့ ၃ တန်းက အလံကိုင်၊ ဆိုင်းဘုတ်ကိုင်တဲ့ လူငယ်လေးတွေကတော့ အကုန်ထိခိုက် သေဆုံးထားတယ်လို့ သိထားရတယ်”လို့ ပြောပါတယ်။
ပထမအကြိမ်ဗုံးသီး ၂ လုံးကြဲချလို့ သေဆုံးဒဏ်ရာရရှိသူတွေကို ကူညီဆောင်ရွက်နေချိန်မှာ နောက်ထပ် ထပ်မံပြီး နမခစစ်တပ်အတွင်းကနေ ည ၁၁ နာရီမှာ ထပ်မံလာရောက်ပြီး စက်တပ် လေထီးနဲ့ ဘုံတိုရွာကို ဗုံးသီး ၂ လုံးကြဲချသွားတာ ဖြစ်ပါတယ်။
အဆိုပါဗုံးသီး ၂ လုံးကြောင့် ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိပေမဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဘုံတိုရွာဟာ အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒေသခံပြည်သူတွေ ညအချိန်မှာ နေရပ်စွန့်နေကြရပါတယ်။