ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ တရုတ်အစိုးရကို သားဖြစ်သူ ကင်မ်အဲရစ် တောင်းဆို
လူသစ်/MFP ၊အောက်တိုဘာ-၄
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးထောင်ချထားခံရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့နဲ့ စစ်အုပ်စုကို ဖိအားပေးဖို့အတွက် တရုတ်သမ္မတရှီကျင့်ဖျင်ကို တောင်းဆိုခဲ့ကြောင်းကို သားဖြစ်သူကင်မ်အဲရစ်(ခေါ်) ထိန်လင်းက တောင်းဆိုခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။
နိုင်ငံတစ်ဝန်းမှာ စစ်အုပ်စုက မတရားဖမ်းဆီး ထောင်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့အတွက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှုဟာ သင့်မြတ်တဲ့ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေးအတွက် အရေးကြီးဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရုတ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စစ်အုပ်စုကို ဖိအားပေး ကုညီနိုင်တဲ့ အခြေအနေမှာလည်း ရှိနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မှတ်ချက်ပြုပါတယ်။
 “ဒီနေ့ ကျနော့် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံက အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့က သင့်မြတ်တဲ့ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေးအတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ဒီအရာကို ဖြစ်လာအောင် အကူအညီပေးနိုင်မဲ့ အခြေအနေမှာ ရှိပါတယ်”
ဒါ့အပြင် ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာနဲ့ တွေ့ဆုံရာမှာလည်း ကင်မ်အဲရစ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အတွက် အာဏာသိမ်းစစ်တပ်ကို တောင်းဆိုဖို့နဲ့ ပိုပြီးဖိအားပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပန်ကြားကြောင်း ဖြေဆိုထားပါတယ်။
အသက် ၈၀ အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က  ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ထားပြီး အာဏာသိမ်းချိန်ကနေ  ဒီနေ့အထိ ငါးနှစ်နီးပါး ထောင်ထဲမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုအာဏာသိမ်းတာ လေးနှစ်ပြည့်ဖြစ်တဲ့ အခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့လည်း  မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ရဖို့အတွက် သားဖြစ်သူ ကင်မ်အဲရစ်က လန်ဒန်မြို့မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးကို ကိုယ်တိုင်သွားပြီး စာပေးပို့ တောင်းဆိုခဲ့ပါသေးတယ်။
Photo- NLD