စစ်တပ်က ထုတ်လုပ်ထားသော အီလက်ထရောနစ် မဲပေးစက်များကို မဲခိုး၊ မဲလိမ်နိုင်သည်ဟု ပြောဆိုပါက ချက်ချင်းဖမ်းဆီးအရေးယူရန် ညွှန်ကြား

စစ်တပ်က ထုတ်လုပ်ထားသော အီလက်ထရောနစ် မဲပေးစက်များကို မဲခိုး၊ မဲလိမ်နိုင်သည်ဟု ပြောဆိုပါက ချက်ချင်းဖမ်းဆီးအရေးယူရန် ညွှန်ကြား
ရန်ကုန်၊ အောက်တိုဘာ ၃
အကြမ်းဖက် စစ်တပ်က ထုတ်လုပ်ထားသော အီလက်ထရောနစ် မဲပေးစက်များက မဲခိုးနိုင်ပြီး မဲပေးမှု မမှန်ကန်နိုင်ဆိုသော ပြောဆိုမှုများနှင့် လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေမှုများ ပေါ်ပေါက်လာလျှင် ချက်ချင်းဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ရန် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကို ညွှန်ကြားထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပမည့် ၂၀၂၅ ရွေး​ကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်များကို အသုံးပြုမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက် အနည်းဆုံး ၅၀၀၀၀ ကို အသုံးပြုမည်ဖြစ်ကြောင်း၊ ယင်းမဲပေးစက်များမှာ စစ်တပ်က အဓိက တာဝန်ယူ ထုတ်လုပ်နေခြင်းဖြစ်ပြီး ယင်းစက်များမှာ မဲမသမာမှု လုပ်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မဲပေးစက်များဖြင့် မဲခိုးနိုင်သည်ဟုလည်းကောင်း၊ ဆန္ဒမဲများကို မမှန်မကန် လုပ်ဆောင်မည်ဟုလည်းကောင်း ပြောဆိုမှုများနှင့် လူမှုကွန်ရက်တွင် ရေးသားမှုများကို ဖော်ထုတ်အရေးယူရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
“မဲပေးစက်တွေက အရမ်းတိကျပြီးတော့ မဲရေတွက်မှုနဲ့ ရလဒ်ကို ချက်ချင်းထုတ်ပြန်နိုင်တယ်။ အဲဒါကြောင့် မဲပေးစက်ကို မဲခိုးနိုင်တယ်၊ မဲလိမ်နိုင်တယ်လို့ ပြောဆိုတာတွေ လူမှုကွန်ရက်မှာ ရေးသားတွေကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားတာရှိပါတယ်” မြို့နယ် ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ရွေးကောက်ပွဲကာလအတွင်း မဲပေးစက်ဖြင့် မဲပေးရာတွင် မဲပေးချက် ဖော်ပြသည့်စက်မှ ပြသသည့် ဆန္ဒမဲဖြတ်ပိုင်းတွင် မိမိမဲပေးထားသည့် လွှတ် တော်ကိုယ်စားလှယ်လောင်းအမည်နှင့်သင်္ကေတအမှတ်အသားမဟုတ်ဘဲ အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်နှင့် သင်္ကေတအမှတ် အသားကို မှားယွင်းဖော်ပြသည်ဟု မမှန်မကန်တိုင်ကြားလျှင် ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) ငွေဒဏ် ၃ သိန်း (သို့မဟုတ်) ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားသည်။
“မဲပေးစက်နဲ့ပတ်သက်လို့ မမှန်မကန် ပြောတာတွေကို လုံး၀ သည်းမခံဘူးလို့ ပြောတယ်။ မဲပေးစက်ဆိုတာ အရမ်းတိကျ မှန်ကန်တယ်လို့ အစမ်းမဲပေးလေ့ကျင့်ပွဲမှာ ကော်မရှင်လူကြီးက ပြောတယ်။ မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မဲပေးစက်နဲ့ပတ်သက်လို့ မမှန်မကန်တာတွေ မပြောဖို့ သင်တန်းမှာ သတိပေးတယ်” ဟု မဲပေးစက်အစမ်းလေ့ကျင့်ပွဲသို့ သင်တန်းတက်ခဲ့ရသော အထက်ကျောင်းအုပ်ဆရာမတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်ကလည်း အီလက်ထရောနစ်မဲ ပေးစက်များသည် တိကျမှန်ကန်ပြီး မဲလိမ်နှင့် မဲမသမာမှုများ မဖြစ်နိုင်ကြောင်း မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုလျက်ရှိသည်။