 
နတ်ရေကန်ဗျူဟာကာကင်းစခန်းတစ်ခု
AAနဲ့မဟာမိတ်တွေထပ်မံသိမ်းယူ
■ရခိုင် စစ်မျက်နှာသုံးခုမှာ စစ်တပ်အထိနာနေတယ်လို့ AA ထုတ်ပြန်
စက်တင်ဘာ-၂၈၊၂၀၂၅။လူအေး/People’s Spring
မကွေးတိုင်း၊ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာအနီးမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်း တခုကို  အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်ပါတယ်။
” ကာကင်းစခန်းတစ်ခုထပ်သိမ်းနိုင်တာမှန်တယ်။ တရားဝင်သတင်းမထုတ်ပြန်သေးတာပါ။ လက်ရှိမြေပြင်မှာက တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန်ဆက်ဖြစ်နေပါတယ်”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက စက်တင်ဘာလ၂၉ရက်နေ့မှာ People’s Spring ကို ပြောပါတယ်။
နတ်ရေကန်ဗျူဟာက ငဖဲမြို့နယ်အပြင် အထက်မင်းလှမြို့နယ်နဲ့လည်းဆက်စပ်နေပါတယ်။ ငဖဲမြို့နယ်အတွင်း နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်မှာ  စက်တင်ဘာလ ပထမပါတ်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အထက်မင်းလှမြို့နယ်အတွင်း စက်တင်ဘာလ ၁ရက်ကနေ  စက်တင်ဘာလ ၁၈ရက်အတွင်း တိုက်ပွဲတွေမှာလည်းစစ်အုပ်စုဘက်ကသေဆုံးသူ၃၀ဦးခန့်ရှိသလို စစ်သုံ့ပန်းအချို့လည်းဖမ်းမိထားတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။
အဲဒီနောက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်နေပြီး နောက်ထပ်ကာကင်းစခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့တာပါ။နတ်ရေကန်ဗျူဟာက ရခိုင်ပြည်နယ် ၊အမ်းမြို့နယ်ကနေ မကွေးတိုင်း၊ပဲခူးတိုင်းဘက်ကိုထွက်တဲ့  အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ဆက်စပ်နေတဲ့ စစ်ကောင်စီရဲ့အဓိကစခန်းကြီးတခုဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းနယ်စပ်ဒေသတွေကို  ရှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေကို ပြီးခဲ့တဲ့သြဂုတ်လကစပြီး စစ်ကောင်စီကပို့ခဲ့ပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်နဲ့ထိစပ် ဒေသတွေကိုပြီးခဲ့တဲ့သြဂုတ်လမတိုင်မီအထိတပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေ စေလွှတ်ထားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေမှာအထိနာပြီးနောက်  တပ်မ
(၉၉) တပ်မမှူးဗိုလ်မှူးကြီးတင်မောင်ကျော်ကို ပြန်ဖမ်းပြီး စကခ(၁၇) တပ်ရင်းတွေကိုစေလွှတ်ထားပါ။ ၂၀၂၅ ဇန်နဝါရီလနဲ့ မတ်လအတွင်းက တိုက်ပွဲတွေမှာ  နတ်ရေကန်ဗျူဟာ ဘေးက ကာကင်းစခန်းအချို့ကို AAနဲ့ ပူးပေါင်းတပ် တွေ သိမ်းယူခဲ့ပါသေးတယ်။ ဖေဖော်ဝါရီလကတိုက်ပွဲ တွေအတွင်း တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့ပါတယ်။
အခုအခါမှာ စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့  ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေပါတဲ့ စစ်ကြောင်းတွေထိုးလာလို့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ AAက စက်တင်ဘာလ၇ရက်မှာ  ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အထက်မင်းလှမြို့နယ်အခြေစိုက် ကပစ (၂)၊ ကပစ(၁၀)၊ ဆင်ပေါင်ဝဲမြို့နယ်က ကပစ(၈)
မှ စစ်သားတွေကို  ပြင်ပကို ထုတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။လက်ရှိမှာ နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်အပြင် အမ်း-ပဒါန်းလမ်းပိုင်း၊မကွေးတိုင်းအတွင်းမင်းတုန်း၊သရက်
၊  ဆင်ပေါင်ဝဲ၊အထက်မင်းလှ၊ ငဖဲမြို့နယ်တွေနဲ့
ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ စစ်ရေးတင်းမာနေတယ်လို့သတင်းရရှိပါတယ်။လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ AAက သီးခြားထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
အာရက္ခတပ်တော်(AA)ကစက်တင်ဘာလ ၂၈ရက်ညမှာသတင်းထုတ်ပြန်တာမှာရခိုင်ပြည်နယ်က သုံးနေရာမှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဟာတိုက်ပွဲတွေမှာ အထိနာနေတယ်လို့ဆိုပါတယ်။အတင်း
အဓမ္မ စုဆောင်းလာတဲ့ တပ်ဖွဲ့ဝင်တွေလည်း  တိုက်ခိုက်လို စိတ်မရှိဘဲ ရှေ့တန်း၊ နောက်တန်း ကနေ အခွင့်ရလျှင်ရသလို တပ်ပြေးတာ၊ AAထံဘက်ပြောင်းတာ၊ အလံဖြူထောင်တာတွေနေ့တိုင်း ဖြစ်နေပြီး တပ်ပျက်နေတယ်လို့AAက ထုတ်ပြန်ပါတယ်။
တပ်ပျက်နေတဲ့ စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက  စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘုန်းတော်ကြီးကျောင်းစတဲ့
နေရာတွေအပြင် လူစုလူဝေးရှိတယ်လို့ ထင်တဲ့နေရာတွေကို နေ့၊ ည အချိန်မရွေး လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးတို့နဲ့  ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်စစ်တပ်က အရပ်သားပြည်သူတွေကို  နေ့ ရောညပါ  အကြမ်းဖက်တိုက်ခိုက်နေ၍ သတိပြုကြရန် လေကြောင်း၊ ရေကြောင်း၊လက်
နက်ကြီးရန်နဲ့ပတ်သက်တဲ့ အရေးပေါ် သတိ
ပေးချက်ကို AAကထုတ်ပြန်ပါတယ်။
(စစ်ရေးလေ့ကျင့်နေတဲ့AAတပ်ဖွဲ့ဝင်တွေ။
ဓါတ်ပုံ-File)