အပူပိုင်းမုန်တိုင်း လေဖိအားနည်းဆဲလ်အဖြစ် မြန်မာကို ဖြတ်ကျော်နိုင်

အပူပိုင်းမုန်တိုင်း လေဖိအားနည်းဆဲလ်အဖြစ် မြန်မာကို ဖြတ်ကျော်နိုင်
————————

အပူပိုင်းမုန်တိုင်း ဘူအလွိုင်ဟာ စက်တင်ဘာ(၃၀)ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို လေဖိအားနည်းဆဲလ်အနေနဲ့ ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ(၂၉)ရက်၊ မနက်(၁၀)နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။
အဲဒီအပူပိုင်းမုန်တိုင်း ဘူအလွိုင်ဟာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသတွေကို ဗင့်မြို့နဲ့ဒုံဟွိုင်မြို့တွေ အကြားကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အားကောင်းတဲ့မုန်တိုင်းအနေနဲ့ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ဖြတ်ကျော်နေတယ်လို့ ဆိုပါတယ်။
အဲဒီမုန်တိုင်းဟာ အနောက်-အနောက်မြောက်တွေကို ရွေ့လျားနိုင်ပြီး စက်တင်ဘာ(၂၉)ရက် ညနေပိုင်းမှာ လာအို နိုင်ငံ နယ်စပ်ဒေသတွေကို အပူပိုင်းမုန်တိုင်းဘူအလွိုင်အဖြစ်၊ လာအိုနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကိုတော့ အပူပိုင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်ဖြတ်ကျော်နိုင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကို လေဖိအားနည်းဆဲလ် အနေနဲ့ ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ သိရပါတယ်။
အဲဒီမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်ကနေတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာကွက် မိုးကြီးတာတွေနဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။