တိုက်ပွဲပြင်းထန်နေသော ကျောက်မဲမြို့နယ်တွင် လေကြောင်းဖြင့် အဆိပ်ဗုံးများ ကျဲချတိုက်ခိုက်ပြီး နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွား၊ ကျောက်မဲမြို့နှင့်အနီးဆုံးတွင် စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာ

တိုက်ပွဲပြင်းထန်နေသော ကျောက်မဲမြို့နယ်တွင် လေကြောင်းဖြင့် အဆိပ်ဗုံးများ ကျဲချတိုက်ခိုက်ပြီး နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွား၊ ကျောက်မဲမြို့နှင့်အနီးဆုံးတွင် စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာ
ရန်ကုန်၊ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေသော ကျောက်မဲမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးများ ကျဲချသည့်အပြင် အဆိပ်ဗုံးများပါ ကျဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံး အလုံး ၃၀ ကျဲချသည့်အပြင် အဆိပ်ငွေ့ဗုံး ၃ လုံးပါ ကျဲချခဲ့ကြောင်း၊ စစ်တပ်က လုံဝယ်ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
စစ်တပ်၏ အဆိပ်ငွေ့ဗုံးကျဲချမှုကြောင့် တအာင်းတပ်မတော်တပ်ဖွဲများမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမြန်ဆန်ခြင်းလက္ခဏာများဖြစ်ပေါ်စေခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ၊ ယမန်နေ့ စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် ကျောက်မဲမြို့နယ်ရှိ လုံဝယ်၊ တောင်ဆေးလိပ်နှင့် စခန်းသာကျေးရွာအကြားတွင်လည်းကောင်း၊ နောင်ချိုမြိုနယ်ရှိ ဆိပ်ဖူးကျေးရွာနှင့် ဘန်ကာချောင်းအနီးတွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
လတ်တလော စစ်တပ်မှာ ကျောက်မဲမြို့နှင့်အနီးဆုံးနေရာအထိ ရောက်ရှိလာနေကြောင်း၊ စစ်တပ်က မြေပြင်တွင် စစ်ကြောင်းများ ထိုးနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်တိုက် ဆိုသလို တိုက်ခိုက်နေကြောင်း၊ TNLA နှင့်ပူးပေါင်းတပ်များမှာ ခုခံစစ်ဖြင့်သာ တိုက်ပွဲဝင်နေကြောင်း ကျောက်မဲဒေသမှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
“စစ်ကြောင်းတွေက ကျောက်မဲမြို့နဲ့အနီးဆုံးကိုတော့ ရောက်လာတယ်။ မြို့ပေါ်ကနေ TNLA တပ်တွေ ဆုတ်တယ်ဆိုတာ မဟုတ်ပါဘူး။ အကောင်းဆုံး ခုခံတိုက်ခိုက်နေပါတယ်။ သူတို့ဘက်က ဒရုန်းကို အဓိကထားသုံးတယ်။ အခုအချိန်အထိ အကောင်းဆုံးခုခံနေပေမယ့် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာမို့လို့ စစ်သဘောအရ အဆုတ်၊ အတက်တော့ လုပ်ရတာရှိနိုင်တယ်။ မြို့ပေါ်မှာတော့ တိုက်ပွဲ မရှိသေးဘူး။ မြို့နဲ့အနီးဆုံးမှာ တိုက်ပွဲတွေဖြစ်နေတာ” ဟု ကျောက်မဲမြို့ပေါ်တွင် ခုခံတိုက်ပွဲဝင်နေသော တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီတပ်က ကျောက်မဲမြို့ကိုအမြန်ဆုံးသိမ်းပိုက်ရန် စစ်ကြောင်းထိုးနေပြီး မြေပြင်တွင်လည်း Non-CDM ဝန်ထမ်းများနှင့် ကျောက်မဲမြို့နယ် ဌာနဆိုင်ရာများကို မြို့ သိမ်းပိုက်ပြီးပါက အမြန်ဆုံးရုံးထိုင်နိုင်ရေး လုပ်ဆောင်ထားရန် ညွှန်ကြား ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျောက်မဲမြို့နယ်တွင် စစ်တပ်က အဆိပ်ငွေ့ဗုံးများ ကျဲချနေစဉ်။