ကြံ့ဖွတ်ပါတီသို့ မင်းအောင်လှိုင်အမိန့်ဖြင့် ဗိုလ်ချုပ်များက မိုးကျရွှေကိုယ် လွှတ်တော်အမတ်လောင်းများအဖြစ် ဝင်ရောက်လာမှု ပါတီတွင်း အကြီးအကျယ် မကျေမနပ်မှုများ ဖြစ်ပေါ်နေ၊ ခင်ရီနှင့်CEC အဖွဲ့ နှုတ်ဆိတ်နေမှုအပေါ် ပြစ်တင်ဝေဖန်

ကြံ့ဖွတ်ပါတီသို့ မင်းအောင်လှိုင်အမိန့်ဖြင့် ဗိုလ်ချုပ်များက မိုးကျရွှေကိုယ် လွှတ်တော်အမတ်လောင်းများအဖြစ် ဝင်ရောက်လာမှု ပါတီတွင်း အကြီးအကျယ် မကျေမနပ်မှုများ ဖြစ်ပေါ်နေ၊ ခင်ရီနှင့်CEC အဖွဲ့ နှုတ်ဆိတ်နေမှုအပေါ် ပြစ်တင်ဝေဖန်
ရန်ကုန်၊ စက်တင်ဘာ ၂၂
ကြံ့ဖွတ်ပါတီသို့ မင်းအောင်လှိုင်အမိန့်ဖြင့် ဗိုလ်ချုပ်များက မိုးကျရွှေကိုယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်လာမှု ပါတီတွင်း မကျေမနပ်မှုများဖြစ်ပေါ်နေကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။
မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်းအင်အား ၄၈၉ ဦး ပြောင်းရွှေ့ လာရာ ဗိုလ်ချုပ်များအတွက် လွှတ်တော်မဲဆန္ဒနယ်များလည်း ချန်ထားပေးရကြောင်း၊ စစ်တပ်မှ မိုးကျရွှေကိုယ် ဗိုလ်ချုပ်များကို ဦးစားပေးအဖြစ် ခင်ရီနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆောင်ရွက်ပေးနေမှုကိုလည်း ပါတီတွင်း မကျေနပ်ကြကြောင်း သိရှိရသည်။
“ပါတီထဲမှာ အတော်ကို ဆူညံပွတ်လောရိုက်တယ်။ တစ်ချိန်လုံး အပြောခံ၊ အတိုက်ခိုက်ခံနေရတဲ့ပါတီမှာ ရွေး ကောက်ပွဲ နီးတော့မှ ဗိုလ်ချုပ်တွေနဲ့ စစ်အရာရှိတွေ အလုံးအရင်းလိုက် ဝင်လာတာ ပါတီထဲမှာ ရှိနေတဲ့ လွှတ် တော်ကိုယ်စားလှယ်လောင်း အဖြစ် ရည်မှန်းထားသူတွေရော၊ မြို့နယ် EC တွေရော အတော်ကို မကျေမနပ်ဖြစ်နေကြတယ်။ အခု ပထမအသုတ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာ ၁၀၀ ကျော်လောက် တပ်က လာမယ့်သူတွေကို ပေးရမယ်။ ဒါက ကနဦးပဲရှိသေးတာ။ နောက်ထပ် လာဦးမယ်တဲ့။ ပါတီထဲမှာ အတော်ကို ဆူညံပွတ်လောရိုက်ကုန်တယ်။ အသေခံ အမုန်းခံတော့ ပါတီအမာခံတွေက၊ တကယ်တမ်း ရွေးကောက်ပွဲနီးတော့ နေရာဝင်ယူတာက တပ်က ဆိုတော့ ဒါက Fair မဖြစ်ဘူးလို့ အားလုံးက ခံစားရတယ်” ဟု ကြံ့ခိုင်ရေးပါတီ သ တင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုလည်း ကြံ့ဖွတ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ခင်ရီမှာ စစ်တပ်အလိုကျသာ လိုက်ပါလုပ်ဆောင်ပြီး ပါတီဝင်များ၏ ဆန္ဒနှင့်သဘောထားကို အလေးမထားသူအဖြစ် ဝေဖန်မှုများရှိနေကြောင်း သိရှိရသည်။
“ဦးခင်ရီနဲ့ အရင်ပါတီဥက္ကဋ္ဌ ဦးသန်းဌေးတို့မှာ ကွာခြားတာရှိတယ်။ ဥက္ကဋ္ဌ ကြီး ဦးသန်းဌေးက တပ်က ပို့လာတဲ့သူတွေကို ပါတီရဲ့ ထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ နာခံမှုအောက်မှာပဲ ထားတယ်။ တပ်ကလာလို့ ဦးစားမပေးဘူး။ ပါတီရဲ့ မူဝါဒနဲ့ ကိုင်တွယ်တယ်။ အခု ဥက္ကဋ္ဌ ဦးခင်ရီက တပ်က ပို့လိုက်ပြီဆိုတာနဲ့ တကယ့် ဦးစားပေး VIP လို နေရာပေးတာ။ ပါတီကို ဦးစားမပေးဘူး၊ ပါတီဝင်တွေ ဘယ်လို ဆန္ဒရှိလဲ၊ ဘယ်လိုသဘောထားလဲ သူမမေးဘူး။ အဲဒါက ကွာခြားချက်ပဲ။ ဥက္ကဋ္ဌ ကြီး ဦးသန်းဌေးကတော့ တပ်ကလာလို့ ဦးစားမပေးဘူး။ ဦးခင်ရီကတော့ တပ်က လာရင် VVIP လို ဆက်ဆံနေတယ်။ ဒီကွာခြားချက်ကို ပါတီအမာခံတွေ သိလာကြတယ်” ဟု ကြံ့ခိုင်ရေး ပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီအတွင်း စစ်တပ်က လာမည့် မိုးကျရွှေကိုယ် ဗိုလ်ချုပ် အမတ်လောင်းများ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ငန်းစဉ်းများတွင် ဝင်ရောက် မကူညီရေး သဘောထားဆန္ဒများ ရှိနေကြကြောင်း သိရှိရသည်။
“မြို့နယ်တွေတော့ ထုတ်မပြောတော့ဘူး။ သူတို့ မြို့နယ် မဲဆန္ဒနယ်မှာ မြို့ခံမဟုတ်တဲ့ အပေါ်က ချပေးတဲ့ ဗိုလ် ချုပ်တွေကို အောင်နိုင်ရေး မကူဖို့ သဘောထားမှတ်ချက်တွေရှိနေကြပြီ။ ဒါလည်း ထူးခြားချက်ပါပဲ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ခိုင်ရေးပါတီက လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။