
ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စစ်ကိုင်းအတွက် ၇ မြို့မြောက်အောင်ပွဲဖြစ်လာမလား
နေ့သစ်/People’s Spring
တော်လှန်ရေးအင်အားစုတွေရဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲအကြောင်းဒီတစ်ပါတ်ပြောပြပါမယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့တွေ ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ပကဖ နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကိုင်းတိုင်း ၊ကသာမြို့နယ်၊ ဗန်းမောက်မြို့ က စစ်တပ်နဲ့ ရှမ်းနီတပ်(SNA)တို့ရဲ့စခန်းတွေကို စက်တင်ဘာ ၁၅ ရက်မနက်အစောမှာ စတင်ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြပါတယ်။ဒေသခံဖြစ်တဲ့ ကဒူးတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့ ကဒူးကာကွယ်ရေးတပ်ဖွဲ့လည်း တော်လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်မြစ်တဦးကပြောပါတယ်။
တော်လှန်ရေးတပ်တွေက စစ်ကိုင်းတိုင်းမှာ ခန်းပတ် ၊ရွှေပြည်အေး ၊မြို့သစ် ၊မော်လူး ၊ပင်လည်ဘူး ၊ အင်းတော် မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါကြောင့် ဗန်းမောက်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ရင် ၇ မြို့မြောက်သိမ်းပိုက်နိုင်တာဖြစ်လာမှာဖြစ်ပါတယ် ။
တော်လှန်ရေးတပ်တွေက စစ်ကိုင်းတိုင်းမှာ ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာလမှာသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပြန်လက်လွှတ်ခဲ့ရပါတယ် ။ ဒါအပြင် ဒီပဲယင်းနဲ့ ကနီမြို့တွေကိုလည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ဖူးပြီး သိမ်းလုနီး အခြေအနေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု နဲ့ စစ်ကူတွေထပ်ပို့မှုကြောင့် အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ပါဘူး။
ရွှေထွက်တဲ့ ဗန်းမောက်မြို့နယ်ကို စစ်တပ်လက်အောက်ခံရှမ်းနီတပ်-SNA တွေက အဓိကထိန်းချုပ်စိုးမိုးထားတာပါ။ ဗန်းမောက်မြို့နယ်မှာ လူဦးရေတစ်သိန်းဝန်းကျင်ရှိပြီးတော့ ဗန်းမောကမြို့ပေါ်လူဦးရေ ၆၀၀၀ ကျော်ရှိပါတယ် ။စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့တွေ နဲ့ ရှမ်းနီတပ် SNA စုစုပေါင်း ခန့်မှန်းအင်အား ၅၀၀ ကျော်ရှိတဲ့ ဗန်းမောက်မြို့က စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၁၅ ရက်မနက်အစောမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
ဒါဟာ ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး စစ်တပ်က မထိန်းချုပ်နိုင်တဲ့ ဒေသတွေကို ဇူလိုင် နဲ့ သြဂုတ်လကစပြီး စစ်ကြောင်းတွေလွှတ်ထိုးစစ်ဆင်နေချိန် ၊ကချင်ပြည်နယ်က ဗန်းမော်မြို့ကို စစ်ကူတွေပို့ပြီး တန်ပြန်ထိုးစစ်ဆင်နေချိန်မှာ တော်လှန်ရေးတပ်တွေဘက်ကလည်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်ကမြို့ကိုအပြိုင်ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ် ။ စစ်အုပ်စုက သြဂုတ်လကစပြီးနိုင်ငံတစ်ဝန်းတန်ပြန်ထိုးစစ်ကိုအရှိန်မြှင့်ပြီး နောင်ချို ၊သပိတ်ကျင်း ၊မိုးဗြဲမြို့တို့ကိုပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဒါအပြင် မတ္တရာမြို့နယ်အရှေ့ခြမ်း၊ဗန်းမော်မြို့ ၊ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ၊ မြဝတီ-သက်န်းညီနောင်နဲ့ အာရှလမ်းက ဆုံးရှုံးထားတဲ့နယ်မြေတွေ စခန်းတွေကိုလည်း စစ်အုပ်စုကပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်တွေက နိုင်ငံတစ်ဝန်း သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း အနည်းဆုံး ၉၂ မြို့ရှိနေဆဲဖြစ်ပါတယ်။စစ်တပ်က နိုင်ငံတစ်ဝန်းထိုးစစ်ဆင်နေချိန်မှာ တော်လှန်ရေးတပ်တွေဘက်က ဗန်းမောက်မြို့ကိုသိမ်းဖို့ပြန်လည်ထိုးစစ် ဆင်လိုက်တာပါ။
တိုက်ပွဲပထမနေ့မှာပဲ ဗန်းမောက်မြို့ကို ကာထားတဲ့ စစ်တပ်နဲ့ SNA ပူးပေါင်း စခန်းကာကင်းစခန်း ၆ ခုကို တော်လှန်ရေးတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ထိုးစစ်ဆင်ခံရပြီးစခန်းတချို့သိမ်းခံရတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်တာတွေလည်း ပြုလုပ်ပါတယ်။ ဒါပေမယ့်တချို့နေ့တွေမှာ ရာသီဥတုဆိုးရွားတာကြောင့် စစ်တပ်ကလေကြောင်းက ပစ်ကူပေဖို့ ခက်ခဲခဲ့ပါတယ် ။ဒါပေမယ့် ထိုးစစ်ဆင်ခံနေရတာကြောင့်လေကြောင်းကနေ ဗုံးကြဲတာကို အဓိကလုပ်ပြီးစစ်တပ်က ခုခံနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ် ။
စစ်တပ် နဲ့ ရှမ်းနီတပ်(SNA)က မြို့ထဲပိတ်မိနေတဲ့ပြည်သူတွေကိုမြို့ ပြင်ထွက်ခွင့်မပေးပဲ အပေါက်အားလုံးကိုပိတ်ထားခဲ့ပါတယ် ။ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ အစောပိုင်းမှာအချိန်မိတိမ်းရှောင်နိုင်ပေမယ့် ရှောင်တိမ်းချိန်မရလိုက်ပဲပိတ်မိနေတဲ့ပြည်သူတွေကလည်း ထောင်ဂဏာန်းရှိနေသေးတယ်လို့သိရပါတယ် ။ စစ်တပ်နဲ့ ရှမ်းနီတပ်က ပြည်သူတွေကို ထွက်ပေါက်အားလုံးပိတ်ပြီး ခုခံနေတာက ပြည်သူတွေကို လူသားဒိုင်းလုပ်တာ ၊ဓါးစာခံလုပ်တာလို့တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က မှတ်ချက်ပြုပါတယ် ။
တိုက်ပွဲ လေးရက် မြောက်နေ့ဖြစ်တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ မြို့နဲ့အနီးဆုံးမှာရှိတဲ့ စစ်အုပ်စုရဲ့ အဓိကကာကင်းစခန်းတခုကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်စစ်သားနဲ့ ရှမ်းနီတပ်တွေဆုတ်ခွာထွက်ပြေးပါတယ်။မြို့တွင်းပိုင်းဘက်ကိုထွက်ပြေးကြတာလို့သိရပါတယ်။
ဒါကြောင့် မြို့သိမ်းတိုက်ပွဲ ငါးရက်မြောက်နေ့ ဖြစ်တဲ့ စက်တင်ဘာ ၁၉ ရက်နေ့မှာမြို့နဲ့အနီးဆုံးမှာရှိတဲ့ စစ်တပ်၏ အဓိကကာကင်းစခန်းကို တော်လှန်ရေးတပ်တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့မြေပြင်ရှိရဲဘော်အချို့ကပြောပါတယ် ။
ဒါကြောင့်ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ၅ ရက်မြောက်နေ့အထိ တော်လှန်ရေးတပ်တွေက စစ်တပ်နဲ့ ရှမ်းနီတပ်တွေရဲ့ ကာကင်းစခန်း အကြီးအသေး အနည်းဆုံး ၇ ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ် ။စစ်တပ်ရဲ့ ဝါဒဖြန့်ချီရေးတယ်လီဂရန်တွေကတော့ KIA နဲ့ PDF တွေဟာ စစ်တပ် နဲ့ ရှမ်းနီတပ်ခုခံတိုက်ခိုက်မှုကြောင့် တပ်လန်ပြီးဆုတ်ခွာထွက်ပြေးနေကြပြီလို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ဝါဒဖြန့်ချီနေတာကိုလည်းတွေ့ရပါတယ် ။
ကသာခရိုင်တပ်ရင်းတစ်ခုက ရဲဘော်တဦးက”မြို့ထဲမှာတော့ စကစ နဲ့ SNA အင်အား ၅၀၀ အထက်ရှိမယ်။မြေပြင်မှာ လူအင်အားအများအပြားသုံးတာတွေ့ရတယ်”လို့ပြောပါတယ် ။
စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ ရှမ်းနီတပ်-SNAက ဟုမ္မလင်းအခြေစိုက်ထားတဲ့တပ်မဟာ(၉၇၂) ကနေ အင်အား၂၀၀ ကနေ ၃၀၀ အတွင်းကို ဗန်းမောက်မြို့ကိုဖြည့်တင်းပြီး ခုခံနေတာလို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ် ။
ဗန်းမောက်မြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်က မြို့ရဲ့အရှေ့တောင်ဘက်မှာ၊ မော်လူးမြို့က အရှေ့မြောက်ဘက်မှာ၊ ပင်လည်ဘူးမြို့ကအနောက်တောင်ဘက်တွေမှာရှိနေတာပါ ။ PDF တွေအဓိကပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ပင်လည်ဘူးမြို့ကို ၂၀၂၄ အောက်တိုဘာ ၈ ရက်မှာသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။ မော်လူးမြို့ကိုလည်း ၂၀၂၄ ဒီဇင်ဘာ ၁၃ ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။အင်းတော်မြို့ကို ၂၀၂၅ ဧပြီ လ ၇ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီမြို့သိမ်းတိုက်ပွဲတွေထဲမှာ အင်းတော်နဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွေဟာလနဲ့ချီကြာမြှင့်ခဲ့ပေမယ့် မော်လူးမြို့ကို အချိန်တိုအတွင်းသိမ်းယူနိုင်ခဲ့တာပါ။အင်းတော်မြို့သိမ်းတိုက်ပွဲက ၃ ကြိမ်တိုက်သိမ်းပိုက်ဖို့ကြိုးခဲ့ရတာ ဖြစ်ပြီးအခက်ခဲဆုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဗန်းမောက်မြို့ဟာအင်းတော်နဲ့ ကားလမ်းအတိုင်းဆိုရင် မိုင် ၃၀ ခန့် ၊ မော်လူးနဲ့ မိုင် ၅၀ ခန့် ၊ ပင်လည်ဘူးမြိုနဲ့ ၆၁ မိုင် ခန့်အကွာမှာတည်ရှိပါတယ် ။လက်ရှိစစ်ရေးအခြေအနေကြောင့် အင်းတော်-ဗန်းမောက်ဗျူဟာလမ်းပိုင်းအပါအဝင် အခြားလမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၁၅ ရက်ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
ဒါကြောင့်အဲဒီဘက်တွေကနေပြီး စစ်အုပ်စုအနေနဲ့ အင်းတော်ကိုမြေပြင်စစ်ကူတွေပို့ဖို့ခက်ခဲပါတယ် ။
ဒါပေမယ့် ဗန်းမောက်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီတပ်အားကောင်းတဲ့ဒေသဖြစ်နေပါတယ်။အဲဒါကြောင့်မို့ မြို့အနောင်ဘက်ခြမ်းကနေပြီတော့ပဲ စစ်ကူတွေရနိုင်တဲ့အခြေအနေဖြစ်ပါတယ်။
“အဓိကကအနောက်ခြမ်းတခြမ်းလုံးကSNA ထိန်းချုပ်ထားတဲ့နယ်မြေဆိုတော့ မြို့ရပြီးရင်တောင် SNA ရှိတဲ့ အနောက်ခြမ်းကို တိုက်ဖို့လိုအပ်သေးတယ်။”လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးကသူအမြင်ကို ပြောပါတယ် ။
ထောင်နဲ့ ချီတဲ့ပြည်သူတွေဟာမြို့ပေါ်မှာပိတ်မိနေသလို တိုက်ပွဲအတွင်းမှာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။ဒါပေမယ့် အသေးစိပ်အခြေအနေတွေကိုတော့မသိရပါဘူး ။ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေလည်းပျက်တောက်နေတာကြောင့် ရပ်ဝေးရောက်နေတဲ့ ဒေသခံတွေဟာ ကျန်နေခဲ့တဲ့ မိသားစုဝင်တွေရဲ့သတင်းကိုသိရဖို့ ခက်ခဲနေပါတယ် ။ဒါကြောင့် ဒေသခံတွေပါဝင်တဲ့ လူမှုကွန်ယက်က ဂရုတွေထဲမှာ သတင်းရနိုင်သမျှ မေးမြန်းစုံစမ်းနေကြရတာကိုတွေ့ရပါတယ် ။
တော်လှန်ရေးတပ်တွေက ကာကင်းစခန်းတွေသိမ်းပိုက်ပြီး ဆက်လက်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဟာ မြို့နဲ့ပိုနီးလာပါပြီ ။
အခုသတင်းဖတ်နေရင်း နောက်ဆုံးရရှိတဲ့သတင်းတွေအရ တော်လှန်ရေးတပ်တွေက ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ ရက်ညနေပိုင်းမှာအပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့သတင်းဝင်လာပါတယ် ။ စစ်တပ် နဲ့ ရှမ်းနီ တပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းမှာနောက်ဆုံးခုခံနေတဲ့ စခန်းကနေ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ် ။ စတင်ထိုးစစ်ဆင်ပြီး ၆ ရက်မြောက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒါကြောင့် ဗန်းမောက်မြို့ဟာစစ်ကိုင်းတိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ၇ မြို့မြောက် မြို့ဖြစ်လာပါတယ် ။
#ludunwayoo #လူထုနွေဦး #NewsUpdate