စစ်တပ်က အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ ဖမ်းဆီးရမိခဲ့သည့် ချောင်းမကျေးရွာတိုက်ပွဲတွင် ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနမှ သင်တန်းနည်းပြဆရာများ ပါဝင်တိုက်ခိုက်ခဲ့…
စက်တင်ဘာ ၂၀ ၊ ၂၀၂၅
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၁)ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲမှာ သင်တန်းနည်းပြဆရာတွေ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ(၃)ရက်က ဘန့်ဘွေးပျူရွာမှ ထွက်လာတဲ့ အင်အား (၅၀၀)ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အစပ်ရှိ တရော်ကျင်းရွာ ၊ ချင်းတောင်ရွာကတဆင့် မုံရွာ – ယာကြီးလမ်းပေါ်ရှိ ချောင်းမကျေးရွာကို ဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ချောင်းမကျေးရွာမှာ ၇ ရက်ခန့် တပ်စွဲထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေနဲ့အတူ ယင်းမာပင်ခရိုင်လေ့ကျင့်ရေးဌာနက သင်တန်းနည်းပြဆရာတွေလည်း အတူ တိုက်ပွဲဆင်နွှဲ တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်းက စစ်ကော်မရှင်တပ်သား (၉) ယောက် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ် တပ်ကြပ်ကြီး (၂) ယောက် အပါအဝင် ဒုတပ်ကြပ် (၁) ယောက်နဲ့ စစ်သား (၄) ယောက် အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဆီက ၆၀ မမ၊ MA-1 ၊ MA-3၊ MAS ၊ MG3 လက်နက်တွေနဲ့ Jumper စက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ဟောင်ဝစ်ဇာ၊ ၁၂၀ မမ လက်နက်ကြီး ပစ်ကူ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတွေ သေဆုံးမှုရှိသေးသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း Union Liberation Front (ULF) ရဲ့ စစ်ကြောင်းမှူး ကျဆုံးခဲ့ရသလို တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ရဲဘော်(၂) ယောက်လည်း ထိခိုက် ဒဏ်ရာရခဲ့ပါသေးတယ်။
စက်တင်ဘာလ ၁၃ ရက်ကလည်း ချောင်းမကျေးရွာတိုက်ပွဲကနေ တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို အရှင် ဖမ်းမိခဲ့ပြီး MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ 5.56 ကျည် ၂၀၀ တောင့်နဲ့ ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။