ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေး ၄ရက်မြောက်တိုက်ပွဲဆက်ဖြစ်

ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေး ၄ရက်မြောက်တိုက်ပွဲဆက်ဖြစ်
◾️စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံး၊ စစ်ကောင်စီနှင့် SNAက ဒေသခံများ မြို့မှထွက်ခွာခွင့် ပိတ်ထား
စက်တင်ဘာ−၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ ဗန်းမြောက်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ယနေ့(စက်တင်ဘာ ၁၈ရက်)တွင် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ရှမ်းနီတပ် SNAနှင့် စစ်ကောင်စီတပ်များအခြေစိုက်ထားသည့် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက စက်တင်ဘာ ၁၅ရက်က စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
” တိုက်ပွဲဖြစ်နေတာ ဗန်းမောက်မှာ ဒီနေ့ရောဆို ၄ရက်မြောက်ပါ။ဗန်းမောက်မြို့ကတော့ တော်လှန်ရေး ပူးပေါင်းအဖွဲ့ပေါ့နော် ကသာခရိုင် တပ်ရင်း ၄ခုရယ် နောက်တခြား အမှတ်(၁) စစ်ဒေသ အောက်က တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်နေတာပေါ့”ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြို့သိမ်းစစ်ဆင်ရေးအတွင်း SNA ၏ ကာကင်းစခန်းအချို့ ရထားသည်ဟု ဆိုသည်။
” ဗန်းမောက်မှာကျတော့ အဓိက SNAနဲ့ စစ်ကောင်စီ ပူးပေါင်းလှုပ်ရှားနေတာ။SNAက အများဆုံးဖြစ်မယ်။ စစ်ကောင်စီဘက်က တပ်မ (၇၇) ပူးပေါင်းပါဝင်နေတာပေါ့။နောက်ပြီးတော့ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေရှိတယ်။ စဖြစ်တဲ့ ၁၅ရက်နေ့ နေ့ခင်းပိုင်းမှာ တိုက်တယ်။ လေကြောင်းတိုက်ခိုက်မှု စလုပ်တယ်။ ၁၆ရက်နေ့မလုပ်ဘူး။ ၁၇ရက်နေ့ နေ့ခင်း ၂နာရီကျော်လောက်မှာ လေကြောင်း တိုက်ခိုက်မှု ပြန်လုပ်တယ်။ ဒီနေ့မနက်ပိုင်းမှာလည်း လေကြောင်း တိုက်ခိုက်မှု ပြန်လုပ်တယ်လို့ သိရတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ကောင်စီနှင့် SNAတပ်က မြို့ခံများအား စစ်ရှောင်ခွင့်မပေးဘဲ ပိတ်ဆို့ထားသည်ဟု ဆိုသည်။
“မြို့ခံတွေ အခြေအနေကတော့ မြို့ထဲက ထွက်ခွင့်မပေးဘူး။ မြို့တွင်းမှာပဲ ပိတ်ထားတယ်။ မြို့ဝင် မြို့ထွက် လမ်းတွေအားလုံး ပိတ်ဆို့ထားတယ်။ ပြည်သူတွေကို လုံး၀ ထွက်ခွင့်မပေးဘူး။မြို့ထဲမှာ ဆိုရင် ပြည်သူတွေ လက်နက်ကြီး ထိမှန်သေဆုံးတာရှိတယ်။ ထိခိုက်ဒဏ်ရာရတာရှိတယ်”ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ပြည်သူများအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားသည့် SNAနှင့် စစ်ကောင်စီတပ် လုပ်ရပ်သည် ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ်ဖြစ်ဟု ၎င်းက ဆိုသည်။
SNAနှင့် စစ်ကောင်စီတပ်သည် ဗန်းမောက်မြို့ပေါ်ထက် ဗန်းမောက်မြို့နယ် အနောက်ခြမ်း၌ SNAတပ်က ပိုမိုအားကောင်းစွာ ထိန်းချုပ်ထားဟု သတင်းရင်းမြစ်က ပြောသည်။
” အဓိကက အနောက်ခြမ်းတခြမ်းလုံးက SNA ထိန်းချုပ်ထားတဲ့နယ်မြေဆိုတော့ မြို့ရပြီးရင်တောင် SNA ရှိတဲ့ အနောက်ခြမ်းကို တိုက်ဖို့ လိုအပ်သေးတယ်။ မြို့ကို ရသွားတယ်ဆိုရင်တော့ ကိုယ့်ဘက်ကနယ်မြေတခု မြို့တခု ရသွားတယ်လို့ သတ်မှတ်လို့ရတယ်”ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ်(၁) စစ်ဒေသတို့က သတင်းထုတ်ပြန်မှု တစုံတရာ မပြုလုပ်သေးပေ။
ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးတွင် PDFများနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)လည်း ပူးပေါင်း ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားသည်။
(ဗန်းမောက်မြို့မှ စစ်ဘေးသင့်ပြည်သူများအတွက် ပြည်ပအလှူရှင်များက ပေးပို့သော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ – CJ)