ဗန်းမောက်မြို့ ကို ကာထားသည့် စစ်တပ်ကင်းစခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ၊ အင်းတော်-ဗန်းမောက် လမ်းပိုင်းကို PDF က ရက်အကန့်အသတ်မရှိ ပိတ်ထား

ဗန်းမောက်မြို့ ကို ကာထားသည့် စစ်တပ်ကင်းစခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ၊ အင်းတော်-ဗန်းမောက် လမ်းပိုင်းကို PDF က ရက်အကန့်အသတ်မရှိ ပိတ်ထား
ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ ပတ်ဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ် ကာကင်းစခန်းများကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့မှ ယနေ့အချိန် စတင်ပြီး ဗန်းမောက်မြို့ ပတ်ဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ် ကာကင်း စခန်းများကို PDF ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများသည် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ထိ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေနှင့် ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“စက်တင်ဘာ ၁၄ ရက် နေ့ကစတင် တိုက်နေတာပါ။ ဗန်းမောက်မြို့ပတ်ဝန်းကျင် မှာရှိတဲ့စခန်းတွေပေါ့။ မြို့ကိုကာထားတဲ့ ကာကင်းစခန်းကုန်းတွေကို တိုက်နေတာ တိုက်ပွဲကတော့ လက်ရှိချိန်ထိ ဖြစ်နေတုန်းပဲ မြေပြင် အခြေအနေကိုတော့ သီခြား အတည်မပြုနိုင်သေးဘူး။ ကာကင်းစခန်းတွေ သိမ်းပိုက်ရရှိပြီလားဆိုတော့ စုံစမ်းဆဲပါ။ စစ်ရေအရတွေမို့ အတည်ပြုမပြောနိုင်သေးတာပါ။ ခုထိလည်းတိုက်ပွဲက ဖြစ်နေတုန်းပဲ” ဟု ဒေသတွင်း စစ်ရေးသတင်းအရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း အင်းတော်မြို့နယ်မှ ဗန်းမောက်မြို့နယ်သို့ ဆက်သွယ်ထားသော အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် လမ်းပိုင်းအားလုံးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ လမ်းပိုင်း ပိတ်ပင်ခြင်းကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ “လောလောဆယ်တော့ ထုတ်ပြန်လို့မရသေးပါဘူး။ ထူးခြားရင် ပြန်ပြောပေးပါမယ်နော်” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။