
အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး တို့ ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး လွှတ်တော် ၃ ခုလုံးတွင် ဖြန့်ကျက်ပါဝင်ယှဉ်ပြိုင်မည်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၄
စစ်တပ်မှ လက်ရှိ တာဝန်ထမ်းဆောင်နေသော အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး တို့သည် ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး လွှတ်တော် ၃ ခုလုံးတွင် ဖြန့်ကျက်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်ကော်မရှင်နှင့်ကာ/လုံတွင် ထိပ်တန်းရာထူးရယူထားသော အောင်လင်းဒွေး၊ ဝန်ကြီး မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်းတို့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးဖြစ်ကြသည့် စစ်တပ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း (OTS-66) ၊ အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး တေဇကျော် (DSA – 28)၊ အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး သက်ပုံ (DSA – 29)၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ် (OTS 73)၊ စစ်ရာထူးခန့်ချုပ် ဒု ဗိုလ်ချုပ်ကြီး လင်းအောင် (DSA 26)၊ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဒု ဗိုလ်ချုပ်ကြီး စိုးတင့်နိုင် (OTS 75) တို့မှာလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့မှ ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
” ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နဲ့ တိုင်းဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်တွေအတွက် အခုလွှတ်တဲ့ အသုတ်မှာ ခန့်မယ့်သူတွေလို့ သိရတယ်။ ပြည်သူ၊ အမျိုသားနဲ့ တိုင်း/ပြည်နယ် လွှတ်တော် ၃ ခုလုံးမှာ အားလုံး ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ အခုက လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀၀ ကျော်မှာ ပါမယ့် အသုတ်။ နောက်ထပ် တစ်သုတ်လည်း ထပ်လာဦးမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
CDM ဗိုလ်ကြီးဇင်ယော်ကလည်း ကြံ့ဖွတ်ပါတီသို့ ပေးပို့လိုက်သည့် စာရင်းတွင် ပါဝင်သော ဗိုလ်ချုပ်ကြီးဟောင်းများနှင့် အနားပေးခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးများမှာ ရွေးကောက်ပွဲဝင်ရန် အတွက်ဖြစ်ကြောင်း ပြောဆိုသည်။
“ရွေးကောက်ပွဲဝင်ဖို့အတွက် သေချာပါတယ်။ အောင်လင်းဒွေးနောက်ကို ပထမဆုံးလိုက်ရတဲ့ အဖွဲ့လို့ ပြောရမှာပေါ့ဗျာ။ တင်အောင်စန်းနဲ့ မြထွန်းဦးပါ ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က လာမည့် ဒီဇင်ဘာလမှ စတင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ်များအားလုံးတွင် ဖြစ်နိုင်သမျှ အနိုင်ယူရမည်ဟု မင်းအောင်လှိုင်က မူဝါဒ ချမှတ်ပေးထားပြီး မည်သည့် ပြည်မ နိုင်ငံရေး ပါတီ၊ မည်သည့်တိုင်းရင်းသားပါတီကိုမှ လက်တွဲ ခေါ်ယူသွားမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။