ရန်ကုန်နှင့်မန္တလေးတွင် လူငယ်များ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ရန်ကုန်နှင့်မန္တလေးတွင် လူငယ်များ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၃

မန္တလေးမြို့၊ ဂေါဝိန်ရပ်ကွက်၊ ဧရာထွန်းဈေးသို့ လာရောက် ကုန်စည်ဖြန့်ဖြူးနေသည့် Vivo စားသောက်ကုန်ကုမ္ပဏီမှ အသက် ၂၉ နှစ်အရွယ် မောင်ကျော်မျိုးသူမှာ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခန့်အချိန် မန္တလေးမြို့၊ ကျွဲဆည်ကန်ရပ်ကွက် ၁ လမ်းရှိ Vivo စားသောက်ကုန် ကုမ္မဏီတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် မောင်ကျော်မျိုးသူ သည် ဂေါ်ဝိန်ရပ်ကွက်၊ ဧရာထွန်းဈေးသို့ ကုမ္ပဏီက ခိုင်းစေသည့် အလုပ်ကို သွားရောက်လုပ်ကိုင်နေစဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရကာ ပျောက်ဆုံးသွားကာ ယနေ့ အထိ အဆက် အသွယ်မရသေးကြောင်း သိရသည်။
“ ဘာအဆက်အသွယ်မှလည်း အခုထိမရသေးတော့ အခုထိပျောက်နေတုန်းပဲ၊ ဒီနေ့ ဆိုရင် ၂ ရက်ရှိသွားပြီ၊ အဲဒီ ဧရာထွန်းကနေပြီးတော့ သွားမယ်ဆိုပြီးတော့ အဲဒီဧရာထွန်းထဲမှာတင် ပျောက်သွားတာ။” ဟု မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလားတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံ ၊ သင်္ကန်းကျွန်းကြီးရပ်ကွက်နှင့် ပုလဲမြို့သစ် ရပ်ကွက်တို့တွင် လူငယ် ၄ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး ပျောက်ဆုံးနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီး ရပ်ကွက် တွင်နေထိုင်သူ အသက် ၂၂ အရွယ် မောင်ပြည့်စုံဦးသည် ရန်ကုန်ဆေးရုံကြီးသို့ သွားရန် ကားငှားစီး စဉ် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ပျောက် ဆုံးသွားကြောင်း သိရသည်။
“အခုထိအဆက်အသွယ် မရသေးဘူး။ သူက ရန်ကုန်ဆေးရုံကြီးကို ကားငှားတာ။ ၇ နာရီ ၁၀ မိနစ် လောက်ပဲ ရှိသေးတယ်။ ကားပေါ်မှာ လူ ၃ ယောက်ပါလာတာ မသိလိုက်ဘူးထင်တယ်။ ကားပေါ် ရောက်မှ စာလှမ်းပို့တာ။ ကားပေါ်မှာ ယောက်ျား ၃ ယောက်ပါတယ်။ နည်းနည်းတော့လန့်တယ်ဆို ပြီး စာပို့ပြီးတော့ ဖုန်းချက်ချင်းပြန်ဆက်တဲ့အချိန်မှာ ဖုန်းချပစ်လိုက်တယ်။ ပြီးတော့ စက်ပိတ်သွား တယ်။ အဲဒီနေ့ကလည်းကနေ အခုချိန်အထိဘာအစအနမှ မရဘူး။ မနက်ကတော့ ပိုက်ဆံတောင်း တဲ့သူတွေတော့ ဖုန်းဆက်လာတယ်။ ဘယ်လိုဆက်လဲဆိုတော့ လူပြန်ပေးမယ်၊ ဆေးစစ်ရမယ်၊ ပိုက် ဆံ ၅ သိန်းအရင်လွှဲပေးဆိုပြီး ဆက်လာတာ၊ အဲလို ဆက်တဲ့ သူတို့ကို လိုက်စုံစမ်းရ သလောက်တော့ လိုင်းပေါ်မှာ ဖုန်းနံပါတ်တင်လိုက်တဲ့အတွက်ကြောင့် ကြားထဲက လိမ်တဲ့သူက ဖုန်း ဆက်လိမ်တာလို့ သိရတယ်။ ဘာမှလည်း တိတိကျကျ မဟုတ်ဘူး။ လူကို ပြဆိုတော့လည်း မပြနိုင်ဘူး။ ပိုက်ဆံရှိတဲ့ အသိုင်းအဝန်းထဲကတော့ မဟုတ်ပါဘူး။ လူဘာမှ မဖြစ်ဘဲနဲ့ ပိုက်ဆံနဲ့ ပြန်ရွေးရမယ်ဆိုရင်လည်း ရွေးရမှာပေါ့၊ ကိုယ့်လူကအရေးကြီးတာကိုး၊ ဖမ်းတဲ့ သူတွေ အနေနဲ့ လူကို တော့ ဘာမှ အန္တရာယ် မပြုပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ အကြောင်း မကြားပဲနဲ့ စစ်တပ်ထဲ ပို့လိုက်တယ်ဆိုရင်လည်း လိုက်ရတာမလွယ်တော့ဘူး။ ပြီးတော့ သူက ရန်ကုန်မှာအလုပ်လာလုပ်တာ။ သူ့မိဘတွေကလည်း တောင်ကြီးမှာဆိုတော့ အလှမ်းဝေးတယ်။” ဟု မောင်ပြည့်စုံဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် စက်တင်ဘာလ ၁၀ ရက်နေ့ကပင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင်လည်း လူငယ် ၂ ဦး ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် နေ့လည်ပိုင်းက သင်္ကန်းကြီးရပ် ကွက်အတွင်း မုန့်တီပို့သော အမျိုး သားတစ်ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားပြီး ယခုအချိန်အထိ အ ဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသနေပြည်သူများထံက သိရသည်။
“အခုဒီဘက်တွေမှာက အဲလိုမျိုးအဖြစ်များတယ်။ လမ်းထဲမှာ မုန့်တီပို့တဲ့အစ်ကို ဆိုရင် မနေ့က နေ့လည်ဘက်ကြီး ပါသွားတာ၊ အခုထိ အဆက်အသွယ်မရသေးဘူး။ ရန်ကုန်မှာ ပေါ်တာဆွဲတာ‌ တွေအရမ်းများတယ်။ မင်္ဂလာဒုံ၊ ပုလဲဘက်ခြမ်းမှာလည်း စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းလောက်က ၂ ယောက် ထပ်ဆွဲသွားတယ်လို့ သတင်းရတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် နိုင်ငံတစ်ဝန်းတွင် လူငယ်များကို ပေါ်တာ ဆွဲ ဖမ်းဆီးမှုများ တောက် လျှောက် ဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန် အပါအဝင် မြို့ကြီးတချို့မှ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။