
ကျောက်တော်မြို့ ၊ ပညာပန်းခင်း ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူများ အပါအဝင် ပြည်သူ ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ သေဆုံးသူ အရေအတွက် တိုးလာနိုင်
ရန်ကုန်၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်၊ ကျောက်တော်မြို့ ၊ ပညာပန်းခင်း ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ကျောင်းသားကျောင်းသူများအပါအဝင် ပြည်သူ ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာရှိ ပညာပန်းခင်း ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချခဲ့ပြီး ဗုံးများမှာ ပေါက်ကွဲမှုအားအလွန်ပြင်းထန်သော ပေါင် ၅၀၀ ဗုံးဖြစ်ကြောင်း၊ လတ်တလော ကျောင်းသားကျောင်းသူ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသကဲ့သို့ ဗုံးကျဲချသည့်နေရာမှာလည်း စစ်ရေး လှုပ်ရှားမှု များ ပြုလုပ်နေသော နေရာမဟုတ်ကြောင်း၊ လက်ရှိ ဒဏ်ရာရရှိသူများပြားသဖြင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း သိရှိရသည်။
“တချို့ အဆောက်အအုံအောက်မှာ ပိနေသေးတာတွေ ရှာဖွေနေတယ်။ ဒဏ်ရာ ပြင်းထန်သူတွေလည်း များတယ်” ဟု ကျောက်တော်အခြေစိုက် စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ယနေ့ နံနက် ၁ နာရီအချိန် ကျောက်တော်တွင် ပညာပန်းခင်းအထက်တန်းကျောင်းမှာ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲခံရမှုကြောင့် ပြည်သူ ၁၈ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- APM။