
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၈/၂၀၂၅
ရခိုင်-ပဲခူးအစပ်ရိုးပေါ်တွင် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်တို့၏ထိုးစစ်သည် အကြမ်းဖက်စစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ – ၆)နှင့် ကပစ(၁၆)အနီးအနားဝန်းကျင်အထိရောက်ရှိလာပြီဟု သိရသည်။
အကြမ်းဖက်စစ်တပ်က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရိုးပေါ်ရှိတိုက်ပွဲများတွင် စစ်တပ်ဖက်မှ အကျအဆုံးများပြီး ကာကင်းစခန်းများလက်လွှတ်လိုက်ရသည့်အတွက် ယခုကဲ့သို့ ကပစစက်ရုံများအနီးအနားအထိ ရောက်ရှိလာနေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
ကပစ(၆)တည်ရှိရာ ညောင်ခြေထောက်ရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသည့်နေရာတွင် ယနေ့ စက်တင်ဘာ ၈ ရက် နေ့အထိ တိုက်ပွဲပြင်းနေသည်ဟုလည်း သူက ဆိုသည်။
“အစကတော့ AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းဖက်ကို အကြမ်းဖက်စစ်တပ်က စပြီးထိုးစစ်တက်တာ။ စစ်တပ်ဖက်က ထိုးစစ်တက်တယ်။ ပြန်ပြေးတယ်။ ပြန်တက်တယ်နဲ့ တိုက်ပွဲဖြစ်နေတာ တစ်လကျော်လောက်ရှိပြီ။ အခုတခါမှာ AA နဲ့ပူးပေါင်းတပ်တွေ ပြန်ပြီးထိုးစစ်ဆင်တာ ညောင်ခြေထောက်အနီးထိ ကပ်သွားပြီ” ဟု ပြောသည်။
တိုက်ပွဲတွင် AA နှင့်ပူးပေါင်းတပ်တို့ အသာစီးရနေပြီး အကြမ်းဖက်စစ်တပ်၏ ယာယီစခန်းချနေထိုင်ခဲ့သည့် ကာကင်းစခန်းကုန်းများအား တစ်ခုပြီးတစ်ခုသိမ်းပိုက်ရရှိထားသည်ဟု သိရသည်။
အကြမ်းဖက်စစ်တပ်ဖက်မှလည်း ညောင်ခြေထောက်ရှိ ကပစ(၆)အနီးထိမရောက်အောင် လက်နက်မျိုးစုံဖြင့်ပစ်ခတ်၍ ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စစ်တပ်ဖက်ကတော့ ဒရုန်းတွေ၊ ညောင်ခြေထောက် လက်နက်အထိုင်စခန်းဖက်က လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတုန်းပဲ။ တိုက်ပွဲက ပြင်းတုန်း”ဟု ပြောသည်။
ယခုလက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ရိုးနှင့်နီးသည့် ဧရိယာဝန်းကျင်တွင် ကပစ(၆)နှင့် ကပစ(၁၆)တို့တည်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့ကလည်း တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ရိုးပေါ်တွင် အကြမ်းဖက်စစ်တပ်က ယာယီစခန်းချနေထိုင်ခဲ့သည့် ကာကင်းစခန်းကုန်းငါးခုကို AA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်။
ရိုးပေါ်ရှိ ညောင်ကျိုးစခန်းနှင့် ဧရိယာတစ်ဝိုက်ကို AA က ထိန်းချုပ်ထားပြီး ဥသျှစ်ပင် ညောင်ခြေထောက်ဖက်ကို အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ညောင်ကျိုးနှင့် ညောင်ခြေထောက်ကြား၌ အပြန်အလှန်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်၏စစ်ကြောင်းအချို့မှာ ညောင်ကျိုးနှင့် ညောင်ခြေထောက်ကြားရှိ တောင်ကုန်းနေရာအချို့တွင် ယာယီအခြေချနေထိုင်ပြီး AA ထိန်းချုပ်နယ်မြေသို့ စစ်ကြောင်းထိုး တက်လာသဖြင့် ဩဂုတ်လအစပိုင်းမှစတင်ကာ ယခုထိတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ပန်းတောင်းမြို့နယ်အတွင်းတွင် ကာကွယ်ရေး ပစ္စည်းစက်ရုံ ငါးရုံရှိသည်။
ပန်းတောင်းမြို့နယ်အပိုင် ဥသျှစ်ပင်မြို့၊ ကမြိုင်ရွာတွင် ကပစ (၅)၊ ညောင်ခြေထောက်ကျေးရွာတွင် ကပစ(၆)၊ ညောင်ခြေထောက်စက်ရုံနှင့် တဆက်တည်းတွင် ကပစ (၃)၊ မသုန်ရွာအနီးတွင် ကပစ (၁၆)၊ ပုသိမ်-မုံရွာလမ်းပိုင်းအနီးရှိ ဥသျှစ်ပင်မြို့နယ်၊ ကျောက်ဖူးကျေးရွာတွင် ကပစ (၉)တို့ရှိသည်။
ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)